သူငယ်ချင်း တို့ရေ…။
အားလုံးပဲ မင်္ဂလာ နှစ်သစ်ပါ။ ဒီနှစ်ဟာ မြန်မာ ကောဇာ သက္ကရာဇ် ၁၃၇၄ ခုနှစ် ဖြစ်ပါတယ်။ ဒီနေ့ မြန်မာ နှစ်ဆန်း တစ်ရက် နေ့မှာ ကျွန်တော်တို့ ချစ်တဲ့ အမိ မြန်မာပြည် နှင့် အတူ ပြည်သူ ၊ ပြည်သား ၊ သွေးချင်း ညီနောင်များ အားလုံး ငြိမ်းချမ်း စည်ပင်ပြီး သာယာ ဝပြော တဲ့ နှစ်သစ် တစ်နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ပါ တယ်။
ဧပြီလ (၁၆) ရက် ၊ မဟာ သင်္ကြန် အတက်နေ့ ဟာ ဒီနှစ် သင်္ကြန်ရဲ့ ပိတ်ပွဲနေ့လဲ ဖြစ်ပါတယ်။ ယမန် နှစ်တွေနဲ့ မတူပဲ ၊ ဒီနှစ်မှာတော့ ရတောင့်ရခဲ (၅) ရက်တိုင်တိုင် ခြိမ့်ခြိမ့်သဲ ရေကစားခွင့် ရပါတယ်။ (၅) ရက် ဆိုပေသော်ငြားလဲ လူငယ်ထု ကို ကြည့်ရသည်မှာ စိတ်ကျေနပ်မှု အပြည့်အဝ မရဘူး လို့ ထင်မှတ် ရပါတယ်။ ထိုသို့ ဆိုရခြင်းမှာ အတက်နေ့ ည ၈း၃၀ ထိ တိုင်အောင် ရေကစား မဏ္ဍပ် အတော်များများမှာ မပိတ်နိုင်ပဲ ရှိနေခြင်းကြောင့် ပါပဲ။ ည မှောင်ရီထဲမှာ ရေပိုက်လေးတွေ ကိုယ်စီ ကိုင်လို့ အချိန်ကုန် သွားမှာ စိုးနေတဲ့ သူတို့တွေရဲ့ ရင်ထဲက နှမျောစိတ်ကို ကိုယ်ချင်းစာ မိပါတယ်။ မဏ္ဍပ် ပေါ်က လူတွေပဲ လား ဆိုတော့ မဟုတ်ပါဘူး။ ရေပက်ခံ ကားတွေကလဲ အဲဒီ အချိန်အထိ လမ်းပေါ်မှာ ရေပက်ခံ နေတာ အံ့သြ ဖွယ်ရာ ပါပဲ။ ရန်ကုန် မြို့တွင်း (၆) မြို့နယ်မှာတော့ မြို့တော် စည်ပင်သာယာရေး ကော်မတီ က ချမှတ်ထားတဲ့ ရေကစားခွင့် ပါမစ် အတိုင်း ၆း၃၀ ဆိုတာနဲ့ မဏ္ဍပ်တွေ အားလုံး နိဂုံးချုပ်ဖို့ ပြင်ဆင် ကြပါပြီ။ သို့ပေသိ မြို့တွင်း (၆) မြို့နယ် အပြင်ဖက် . . . အလုံ ၊ ကြည့်မြင်တိုင် ၊ မရမ်းကုန်း ၊ အင်းစိန် ၊ မင်္ဂလာဒုံ တောက်လျှောက် မှာတော့ ည ၈း၀၀ ကျော်ထိ တိုင်အောင် မဏ္ဍပ်တွေ သက်ဝင် လှုပ်ရှား နေဆဲ ပါပဲ။
သင်္ကြန် နောက်ဆုံးနေ့မှာ ကျွန်တော် မနက် တစ်ပိုင်းပဲ ဓါတ်ပုံ ထွက်ရိုက် ဖြစ်လိုက်တယ် ဗျ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ မှ ပြန်လည် ရောက်ရှိလာမယ့် ကျွန်တော့် အဖေ နဲ့ ဦးလေး တို့ကို လေဆိပ် ကြိုရမှာမို့ ညနေပိုင်းတော့ ထွက်မရိုက် ဖြစ်တော့ဘူး။ အဲဒါကြောင့် နေ့တစ်ဝက်စာ ရိုက်ထားတဲ့ ရှိစု မဲ့စု ပုံလေးတွေ နဲ့ပဲ ဒီနှစ် သင်္ကြန်ကို နှုတ်ဆက် လိုက်ပါတယ် ဗျာ။ နောင်နှစ်တွေမှာ အခွင့်အရေး ပေးခဲ့ရင် ဒီလိုပဲ ကိုယ်စွမ်း ၊ ဥာဏ်စွမ်း ရှိသလောက် ပုံတွေ ရိုက်ဖြစ် ၊ ဝေငှဖြစ် နေဦးမှာပါ…။
ဒီနှစ် သင်္ကြန်မှာ အခုလို ဓါတ်ပုံတွေ ဝေဝေဆာဆာ ရိုက်ဖြစ်အောင် တိုက်တွန်း ခဲ့တဲ့ ကျွန်တော့် ညီမလေး စောယုမွန် ၊ ပိတောက် နဲ့ ငုဝါပွင့် နေတာကို ကြည့်ချင်ပါတယ် ဆိုတဲ့ ကျွန်တော့် ဘဝဖော် မေသီ ၊ ကျွန်တော့်ကို ကောင်းကောင်းဆိုးဆိုး အမြဲ အားပေးတဲ့ ညီမငယ်လေး ပီးကြုံ (ပုံကြီး) ၊ ကျွန်တော် နဲ့ အပြိုင် နေ့တိုင်း ပုံတွေ လှိမ့်တင်နေတဲ့ မန္တလေး က ချစ်သူငယ်ချင်း ဒါ့ပုံ ဆရာ မိုဟာမက် ညီမင်းစံ ၊ မန်းသင်္ကြန် ကို တကူးတက သွားပြီး ကင်မရာကို ထာဝရ ရေကစားခွင့် ပေးလိုက်တဲ့ ညီငယ်လေး ရဲအောင်သူ ၊ ပုံတွေ မတင်သေးဘူးလား တမေးတည်း မေးကြတဲ့ ကျွန်တော့် အမာခံ Facebook ဝိုင်းတော်သားများ Myo Thaw Tun, Nyikita Nyi, Michael John, Tobie Aung, Ko Ko Sein, Htin Kyaw Myint + Yin Min Kyaw, William Gold, Stanley Kay, Nandar Aye, Mya Thet Wai, May Thuzar, Edward Chee, Sein Sein Gu, Gina Khine, Zaw Myint Thu (Nova Design), Than Zaw Myo, Myat Thu, Choake – Choake, Pho Thein (Daniel Thein Than Winn), Nwe Ni, Khin Khin Slone, Auntie Khin Khin Htay, Thura Aung, Htet Nai Nai, Saw Min, Shin Nawe, Stephanie Snow, Vi Vian, Sithu Wu, Sandar Yee Win, Phyo Wai, Dam Mam, May Sandi Htin Aung, Elizabeth Myat… ခေါင်းထဲမှာ ဗြုန်းစားကြီး စဉ်းစားလို့ မထွက်၍ ဖော်ပြရန် မေ့ကျန်ခဲ့သည့် အပေါင်းအသင်း သူငယ်ချင်းများ အားလုံးကို အထူး ကျေးဇူး တင်ပါတယ်။ နောင်နှစ်မှာ သင်္ကြန် နဲ့ အတူ ပျော်ပျော်ပါးပါး ပြန်ဆုံ ကြရအောင် ဗျာ…။
With a lot of Love…
YE LWIN OO (MPS)
* * * * *
ကျွန်တော် တမင်တကာ လုပ်တာ မဟုတ်ပါဘူး ဗျာ။ ဘုရားစူး ပါ…။ တိုက်တိုက်ဆိုင်ဆိုင် အိမ်က ထွက်ထွက်ချင်း ရိုက်မိတဲ့ ပုံက ဒီပုံ ဖြစ်နေတယ်။ သင်္ကြန်မှာ လွတ်လပ် ပေါ့ပါးတဲ့ ဖက်ရှင်တွေ ဆင်မြန်းကြတာ ခုမှ မဟုတ်ပါဘူး။ ဟိုးအရင် ရှေးယခင် အစဉ်အဆက် ရယ်ပါ…။
* * * * *
ဧပြီ နေက ခြစ်ခြစ်တောက် ပူလေတော့ စတုဒီသာ မဏ္ဍပ်မှာ ခဏ အနားယူ တာပေါ့။ အဲ စတုဒီသာ မဏ္ဍပ်က ကျွေးတာက အုန်းနို့ခေါက်ဆွဲ ပါတဲ့ ခင်ဗျာ။ စားပြီးတော့ လူတွေ အီးလေး ဆွဲကြပြီ ပေါ့ဗျာ။ နေရာ က လမ်း (၅၀) နဲ့ အနော်ရထားလမ်း ထောင့် စတုဒီသာ မဏ္ဍပ် ရှေ့မှာပါ။
* * * * *
” ဗိုလ်ကြီး လာမှ ကျွန်မ တို့ ရွာလေး ပြာကျ ရပါတော့မယ် ” ဆိုသလို ဖြစ်နေတယ်။ သေနတ်ကြီး တကားကား နဲ့ ပန်းဆိုးတန်းလမ်း (ကုန်သည်လမ်းထောင့်) မီးပွိုင့်မှာ လမ်းသွား ၊ လမ်းလာတွေကို တိုက်ပွဲခေါ်သံ လုပ်နေတာ…။
* * * * *
ဒီနှစ် သင်္ကြန် ရေပက်ခံ ထွက်ကြတာ ဂျစ်ကား ထက် Publica တို့ ၊ Sunny တို့ က အစီးရေ ပိုများမယ် ထင်တယ်ဗျ။ သံရည်ကျိုစက် ကို ပို့ရတော့မယ့် အတူတူ မထူးပါဘူး ၊ တန်သွားအောင် သင်္ကြန်တော့ လည်မယ် ဆိုတဲ့ စိတ်ကူး စိတ်သန်း နဲ့ ထင်ပါရဲ့။
* * * * *
စူးရှ တဲ့ မျက်လုံး တစ်စုံ နဲ့…။ ကောင်မလေး ကို မြင်မြင်ချင်းတော့ အဲ… မဆိုးပါဘူး ၊ ယဉ်ယဉ်လေး နဲ့ လှတယ် ပေါ့…။ အမလေးဗျာ… သူ့အနောက် က ဓားပေါ်မှာ ရေးထားတဲ့ စာကိုလဲ မြင်ရော… နဲနဲတောင် ဇောချွေးပျံ သွားတယ် ဗျ…။ ဟ ဟ ဟ။
* * * * *
လသာမြို့နယ် ၊ စာစစ်ရုံး ရှေ့က စတုဒီသာ မဏ္ဍပ် ပါ…။ မနက် ၁၀း၀၀ မှ ညနေ ၄း၀၀ အထိ လူဦးရေ အကန့်အသတ် မရှိ ထမင်း + ဟင်း + ဖျော်ရည် အခမဲ့ လှူဒါန်းတာ သင်္ကြန်ပွဲတော် တောက်လျှောက် (၅) ရက် လုံးလုံး ဖြစ်ပါတယ်…။ သာဓု ခေါ်နိုင်ကြပါစေ ဗျာ။
* * * * *
လသာ မြို့နယ် က ပိတောက်ရိပ် ရေကစား မဏ္ဍပ် ပါ…။ ကင်မရာ ရေစိုမှာ စိုးတာနဲ့ မီးစက် နဲ့ ကွယ်ပြီး မခို့တယို့လေး ရိုက်ခဲ့ ရတာပါ…။
* * * * *
အတာ ရေထက် အဆပေါင်း များစွာ ပိုလို့ အေးမြတဲ့ မိဘမေတ္တာ ဆိုတာ…။
* * * * *
သွားမလုပ် နဲ့ . . . ရေရေလည်လည် မာန်တက် နေတာ နော်။
* * * * *
ကတောင်းကျိုက် ထားတာနော်…။ မြန်မာ့ ယဉ်ကျေးမှု ကို ဖီဆန်တယ် လို့ လာမပြောနဲ့။ ကမ္ဘာ မှာ ပုဆိုး ဝတ်တဲ့ လူမျိုးတွေ အများကြီး ရှိပေမယ့်လို့ ကတောင်းကျိုက်တယ် ဆိုတာ ကတော့ မြန်မာ့ ယဉ်ကျေးမှု စစ်စစ် ဗျ…။
* * * * *
ခုခေတ်က အလန်းခေတ် ဆိုတော့ အဲလို အလန်းပုံလေးတွေ တင်မှ ကျွန်တော့် ဘလော့ဂ် စည်ကားမှာ မို့ပါ…။ ဟီး ဟီး ဟီး။
* * * * *
မဏ္ဍပ် တာဝန်ခံ ဦးဦး ကို မေတ္တာ ရပ်ခံ ၊ အတင်း ဝင်ခွင့် တောင်းပြီး မဏ္ဍပ်ပေါ် က ရိုက်ခဲ့တဲ့ ပုံပါ။ ဒီနှစ် (၅) ရက်လုံးမှာ မဏ္ဍပ်ပေါ်က ရိုက်ခဲ့တာ ဆိုလို့ ရှားရှားပါးပါး ဒီတစ်ပုံတည်း ရှိပါတယ်။
* * * * *
မှတ်မိတာ… သင်္ကြန် အကြိုနေ့ ဗျ။ အထူးအဆန်း ၊ ပေါက်တကရ တွေ သိပ်လုပ်တတ်တဲ့ ကျွန်တော့် ဆရာ ရွှေမန်းသား ကိုသုကာ (သခင်ကြီး) က သူ့ Facebook ပေါ်မှာ “မန်းသင်္ကြန် အမုန်း စာရင်း” ဆိုတဲ့ စာပိုဒ် ရေးထားတာလေး သွားသတိရ မိတယ်။ “ဟိုဟို သည်သည် လျှောက်သွားပြီး အကြော် ရောင်းတဲ့ ဘရာကြော် ကုလား တွေကိုလဲ မုန်းတယ်” တဲ့ဗျာ။ ကိုသုကာ တစ်ယောက် မူးပြီး လျှောက်ရေးထားတယ် ထင်တာပဲ။ ဟီး…။ ကဲ… ကိုသုကာ မုန်းတဲ့ ဘရာကြော်သည် ပါ ဗျာ…။
* * * * *
ထီးလေးတွေ အောက်မှာ အရိပ်ခို လို့ ဝမ်းစာ ရှာနေကြတဲ့ သူတို့တတွေ ရဲ့ သမုဒ္ဒရာ ကလဲ လွယ်တော့ မလွယ်လှဘူး။
* * * * *
မျက်မှန် ရောင်းတဲ့သူ လို့ ထင်ရတာပဲ…။ ဒီလောက် ဆူညံ ပွက်လော ရိုက်နေတဲ့ နေရာမှာ အိပ်လိုက်တာများ ဟောက်သံတောင် ကြားရတယ် ဗျာ…။
* * * * *
လမ်းမပေါ် လှေကားထောင်ပြီး ဘာများ လုပ်မလဲ လို့ ကြည့်နေတာ…။ ဖွားဖက်တော် ကို သေချာ ကိုင်ပြီး “ရိုး ရိုး ဝှ စ” လုပ်နေတာကိုး။
* * * * *
သင်္ကြန် သူဇာ နတ်မယ် လေးနှမ ငယ် . . . တစ်နှစ်တာ ခရီးကို မျက်လှည့်ပြ လိုက်ပြီ . . .။
* * * * *
ဒီအတိုင်း ကြည့်လိုက်ရင်တော့ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ကို တသွေမတိမ်း လိုက်နာ နေတယ်ပေါ့ ဗျာ။ အမှန်တော့ မီးသတ်ပိုက် နဲ့ ပက်ပင်းတိုးမှာ စိုးတာနဲ့ ကားစီးတာတောင် ဦးထုပ် ဆောင်းရတဲ့ ဘဝ…။
* * * * *
သင်္ကြန် သမီးပျိုဖြူ များရဲ့ ယိမ်းအက အဖွဲ့ တစ်ဖွဲ့ ကို ပြည်တွင်း ရုပ်သံလိုင်း တစ်ခုက အင်တာဗျူး ပြုလုပ် နေတာပါ…။ ဒီလို ယဉ်ကျေးမှု စစ်စစ် ပုံတွေများ ကျတော့ လူတွေ သိပ်ပြီး စိတ်မဝင်စားဘူး ပဲဗျ…။
* * * * *
ခင်ဗျားတို့ ပြောပြော နေတဲ့ အလန်းဇယား ဆိုတာပေါ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလို… အလန်းတကာ့ အလန်းဆုံး ပုံလေးကို နောက်ဆုံးမှာ တင်ပြီး ၂၀၁၂ သင်္ကြန်ကို နှုတ်ဆက် လိုက်ပါတယ်။
* * * * *