YE LWIN OO . COM
Private Darkroom of A Burmese Photo Maker
  • Home
  • About
  • Archives
  • Gears
  • Notes

Interview with VOA

June 23rd, 2009
36 Comments
 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော် လောက်ဗျ။ ကျွန်တော် အိပ်မပျော်တာနဲ့ ပုံတွေ ထိုင်ပြင်နေတာ။ ဖုန်းသံမြည်လာတယ်။ လန့်သွားတာပေါ့။ ညကြီး သန်းခေါင် ကျွန်တော့်ဆီ ဘယ်သူမှ ဖုန်းဆက်လေ့ မရှိတတ်ဘူးဗျ။ ကြည့်လိုက်တော့ oversea call ဗျ။ ဖုန်းမှာတယ်နဲ့ တူပါတယ်။ ကိုင်လိုက်တယ်ဗျ။

ဖုန်းထဲမှာ အမျိုးသမီး ခပ်ငယ်ငယ် တစ်ယောက်ဗျ။ “ကိုရဲလွင်ဦးလား ရှင်” တဲ့။ ဟိုက်…။ ငါ့ဖုန်းပါလား။ ဟုတ်ပါတယ် ခင်ဗျားလို့ ပြန်ဖြေလိုက်ပါတယ်။ “ကျွန်မ VOA အသံလွှင့် ဌာနက သက်စုနိုင် ပါ။ ကိုရဲလွင်ဦးရဲ့ ဘလော့ဂ်မှာ ရှင်လောင်းလှည့်ပွဲ ပုံတွေ တွေ့လိုက်ရတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး interview လေးလုပ်ချင်လို့ အဆင်ပြေနိုင်မလား ရှင့်”။ ကျွန်တော် ကလဲ “ဟုတ်ကဲ့ ရပါတယ်” ဆိုတော့ သူ studio ထဲ ပြေးသွားပြီး အဲဒီကနေ အင်တာဗျူးလေး လုပ်ခဲ့တာဗျ။

အင်တာဗျူးကိုတော့ ဒီနေရာမှာ ဒေါင်းလုပ်ဒ် လုပ်ပြီး နားဆင်တော်မူကြပါ။

  • Share/Save
Posted under: Notes

Me and Photography

May 25th, 2009
35 Comments
 

ဓါတ်ပုံ ရိုက်ခြင်း နှင့် ကျွန်တော်

ကျွန်တော် ဓါတ်ပုံ ရိုက်တာကို ၂၀၀၂ နှစ်လောက် ကတည်းက အရူးအမူး ၀ါသနာ ပါခဲ့တာပါ။ ကင်မရာ တကားကားနဲ့ ရောက်လေရာ အရပ်မှာ ဟိုရိုက် ၊ ဒီရိုက် လုပ်တာကို ကျွန်တော့် အမေ ဖြစ်သူက နဲနဲလေးမှ ကြည့်မရပါဘူး။ “နင် ဓါတ်ပုံဆရာ လုပ်စားမလို့လား” ဆိုတဲ့ မေးခွန်းတွေနဲ့ ကျွန်တော့်ရဲ့ ၀ါသနာကို တစ်ချိန်လုံး ဟန့်တား ခဲ့တာပါ။ ကျွန်တော် အမေ့ကို ချစ်တယ် ၊ ဓါတ်ပုံ ရိုက်တာကိုလည်း မစွန့်လွှတ် နိုင်ဘူးဗျ။ အမေ အမြင်မကပ် ရလေအောင် သူနဲ့ သွားလာတဲ့ နေရာမျိုးတွေဆို ကင်မရာ သိပ်မယူဖြစ်အောင် ကြိုးစားပါတယ်။ အမေက ဓါတ်ပုံရိုက်တာ မကြိုက်ဘူး ဆိုတော့ ကျွန်တော့်ခမျာ မျက်နှာငယ်လေးနဲ့ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကင်မရာ ၊ မှန်ဘီလူး နဲ့ တခြားသော ဆက်စပ်ပစ္စည်းများကို ၀ယ်ဖို့ အမေ့ဆီမှာ ပိုက်ဆံ တောင်းလို့ မရလို့ပါ။ ဟဲ ဟဲ…။

Photography ကို လေ့လာခြင်း

တက္ကသိုလ် ကျောင်းသား ဘ၀တစ်လျှောက် ဓါတ်ပုံ ပညာနဲ့ ပတ်သက်တဲ့ အင်တာနက် စာမျက်နှာတွေ ၊ သင်္ခန်းစာ (tutorials) တွေ ဖတ်ရင်း နာရီပေါင်း များစွာ ဖြတ်သန်း ခဲ့တာပါ။ ကျွန်တော် ဓါတ်ပုံ သင်တန်းရယ် လို့ တက်ခဲ့တာမျိုး မရှိဘူး။ စာဖတ်ပြီး စာထဲမှာ ပြောထားတာတွေ စမ်းရိုက်ကြည့်တယ် ၊ မသိရင် သူငယ်ချင်းတွေကို မေးတယ်။ PhotoBlog မှာ ကျွန်တော် Blogging လုပ်တော့ သူငယ်ချင်းတွေ ရတယ်။ သူတို့တွေ ရိုက်ထားတဲ့ ပုံတွေ ကြည့်တယ် ၊ မသိရင် မေးတယ်။ အဲလိုနဲ့ပဲ တဖြည်းဖြည်းချင်း လူနဲ့သူနဲ့ တူအောင် ရိုက်တတ်လာတယ်ပေါ့။

ကြည်ဖြူပါ အမေရယ်…

ကျွန်တော် သိပ်ချစ်တဲ့ ကျွန်တော့် အမေက ဓါတ်ပုံ ရိုက်တာ မကြိုက်တော့ ကျွန်တော့်မှာ နေရထိုင်ရ အလွန် ကျဉ်းကျပ်ပါတယ်။ သူ့ရှေ့ ကင်မရာကြီး တကားကား သွားလုပ်ရင် ဆဲလွှတ်ခံရမှာ ဗျ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကျွန်တော်တို့ ချောင်းသာသွားတော့ ကျွန်တော် မနေနိုင် ၊ မထိုင်နိုင်နဲ့ ကင်မရာကြီး ယူသွားပါတယ်။ အမေက ကျွန်တော် ဓါတ်ပုံ ရိုက်တာ မကြိုက်ဘူးသာ ပြောတယ်။ သူကိုယ်တိုင်က ဓါတ်ပုံ အရိုက်ခံ ရတာ အင်မတန် ၀ါသနာထုံသူ တစ်ယောက်ပါ။ ချောင်းသာ ရောက်တော့ ညီမလေးကို ပုံတွေ ရိုက်ပေး ၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို ရိုက်ပေးဖြစ်တယ်။ အမေတွေ့တော့ သူ့ကိုလည်း ပုံတွေ ရိုက်ပေး ဖြစ်တယ်ဗျ။ အဲ… ရန်ကုန်ပြန်ရောက်လို့ ပုံတွေ Computer မှာ ပြတော့ သူ့လေသံက နဲနဲ ပြောင်းသွားတယ်ဗျ။ “အဲလိုကျတော့ ငါ့သားက ဘယ်ဆိုးလို့လဲ ၊ နင်ရိုက်တဲ့ ပုံတွေ လှသား” တဲ့ဗျာ။ ကျွန်တော် ကျိတ်ပြီး ပျော်ခဲ့ရတာပေါ့။ ကျွန်တော့် အမေ ကျွန်တော် ဓါတ်ပုံရိုက်တာကို နဲနဲကြည်ဖြူလာတဲ့ အရိပ်အရောင် ဆိုတော့ ကျွန်တော့်မှာ ၀မ်းသာရပါတယ်။

ငါ့ပိုက်ဆံ မကုန်ရင် ပြီးတာပဲ

ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်တွင်းပေါ့။ ကျွန်တော် ဘန်ကောက် သွားတယ်။ သွားတယ် ဆိုတာလည်း ဘာအတွက်မှ မဟုတ်ဘူး။ ကျွန်တော် နီကွန် ဒီ-၉၀ ကင်မရာ နဲ့ ၁၈-၂၀၀ မမ မှန်ဘီလူး သွားဝယ်တာ။ အဲဒီ အချိန်မှာပဲ အမေက ရုံးက အဖွဲ့တွေနဲ့ ဘန်ကောက် အလည် သွားတယ်လေ။ ဟိုမှာ ဆုံဖြစ်ကြတယ် ဆိုပါတော့။ သူ ရှော့ပင်းထွက်တော့ အဲဒီ ရှော့ပင်းစင်တာကို ကျွန်တော် လိုက်သွားတယ်။ ကြုံတုန်း သူ့ကို ဓါတ်ပုံရိုက်ပေးမယ် ဆိုပြီး စိတ်ကူးရတော့ ပုံနဲနဲ ရိုက်ပေးဖြစ်တယ်။ ကျွန်တော့် ကင်မရာလည်း တွေ့ရော “သား ၊ နင့်ကင်မရာ က ကောင်းလှချီလား။ ဘယ်လောက် ပေးရတာလဲ။ ဈေးကြီးတယ် မှတ်လား။” ကျွန်တော် ဘာမှ ပြန်မပြောပဲ ငြိမ်နေလိုက်တယ်။ “နင်လဲနော်… အေးလေ။ ၀ယ်ချင်ဝယ် ပေါ့။ ငါ့ပိုက်ဆံ မကုန်ရင် ပြီးတာပဲ” တဲ့ဗျာ။ ကျွန်တော် ဘာမှ မပြောဖြစ်ဘူး။

ကျွန်တော့် ပရိတ်သတ်

အဖေ ကတော့ ကျွန်တော့် Webpage ကို အမြဲ ဖတ်တယ်ဗျ။ ဆိုဒ်မှာ ပုံတွေအတွက် Narration ရေးရင်လည်း ဒီနေ့အထိ Raw Data တွေ ရှာပေးနေတုန်း။ အမေ ကတော့ ကျွန်တော့် ဆိုဒ်အကြောင်း သိပ်မသိဘူး။ ညည အိပ်မပျော်ရင် အင်တာနက် သုံးတတ်တဲ့ အမေ တစ်ယောက် တလောလေးတုန်းက ထူးထူးခြားခြား ဖြစ်နေရော။ ကျွန်တော် ရေသောက်ချင်လို့ ထတော့ သူ ကွန်ပျူတာရှေ့ မှာထိုင်ပြီး ကျွန်တော့် ဆိုဒ်ကို စိတ်ဝင်တစား ဖတ်နေတာပါ။ ကျွန်တော့် စိတ်ထဲ ဖြစ်တဲ့ ပီတိကို ခင်ဗျားတို့ မှန်းဆ နိုင်မှာပါ။ ကျွန်တော့် အတွက် အမာခံ ပရိတ်သတ်တစ်ယောက် ရခဲ့ပြန်ပါတယ်။

အလုပ်နဲ့ ဓါတ်ပုံ

အလုပ်နဲ့ ပတ်သက်ပြီး ခရီးသွားရင် ကျွန်တော် ကင်မရာ ယူသွားလေ့ ရှိပါတယ်။ Street Life လေးတွေ ရိုက်ရအောင်လို့ပါ။ ကျွန်တော်တို့ ကုမ္ပဏီက 2009 May 14 မန္တလေးမှာ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ ရှိတယ်ဆိုလို့ ကျွန်တော် မန္တလေး ရောက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မန္တလေး ရတနာပုံ မြို့တည်နန်းတည် နှစ် ၁၅၀ ပြည့် အခမ်းအနားနဲ့ ကြုံကြိုက် နေလေရောဗျာ။ အဲဒီနေ့ မနက် ၁၀း၀၀ အတိမှာ ကျွန်တော်တို့ အစည်းအဝေး ရှိတယ်ဗျ။ လုံးဝ မနေနိုင်တဲ့ အဆုံး မနက် ၆ နာရီ လောက်မှာ ကျွန်တော့် ညီငယ်လေး ညီမင်းစံ ဆီဖုန်းဆက်ပြီး လာကြို ခိုင်းလိုက်တယ်။ အဲဒီ နှစ် ၁၅၀ ပွဲဆိုတာ နှစ် ၅၀ ကြာမှ တစ်ခေါက် လုပ်တဲ့ ပွဲလေ။ ကြုံတောင့် ကြုံခဲပါ။ ဟုတ်ကဲ့။ ကျွန်တော် ၊ ညီမင်းစံ ၊ ကိုမောင်လှ ၊ ကိုသခင်ကြီး ၊ နိုင်နိုင်ထွန်း လူစုံ တက်စုံ သွားရိုက်ဖြစ်တယ်။ မနက် ၁၀း၀၀ အစည်းအဝေး ဆိုတော့ အပြေးအလွှား ရိုက်ရတာမျိုးပါ။ ဘယ်လောက်များ ပြေးလွှားလိုက်သလဲ ဆိုရင် ကျွန်တော့် ခြေဖ၀ါး ၂ ဖက်စလုံး အရည်ကျည် ဖုတွေ ထသွားတဲ့ အထိပါ။ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ။ ဓါတ်ပုံရိုက်ခြင်းကို ကျွန်တော် ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ…

dsc_3461-2_resize

ဓါတ်ပုံမှာ ကျွန်တော့်ရဲ့ လက်ဦးဆရာလို့ ဆိုနိုင်တဲ့ ဓါတ်ပုံ သခင်ကြီး (မန္တလေး) နဲ့ အမှတ်တရ ပါ…

dsc_3464-2_resize

မန္တလေးမှာ ဆိုင်ကယ် တစ်စီးနဲ့ တောက်လျှောက် လိုက်ပို့ပေးတဲ့ ညီလေး ညီမင်းစံ နဲ့ မနက် ဓါတ်ပုံရိုက် မထွက်ခင် အမှတ်တရ…

  • Share/Save
Posted under: Notes

WELCOME BACK

May 18th, 2009
29 Comments
 

သားသား ကြောက်ကြောက်

ခုလာမယ့် မေလ ၂၄ ရက်ဆို ဤလောကကြီးမှာ ကျွန်တော် အကြောက်ရဆုံး မယ်မင်းကြီးမ တစ်ယောက် ရန်ကုန် ရွှေမြို့တော်သို့ ပြန်လာပါ တော့မယ်။ အဲ… သူကတော့ နို့စည်ပုံးကြီး (ခေါ်) ပွန်ကြီး (ခေါ်) ဆင်ဖြူရှင်မ ပါပဲ ခင်ဗျား။ အမှန်တော့ ပွန်ကြီးက ကျွန်တော့် သူငယ်ချင်း မဟုတ်ဘူးဗျ။ သူ့အကို နဲ့ သူ့အမ ကမှ ကျွန်တော့် သူငယ်ချင်းတွေပါ။ ကျွန်တော် သူ့ကို ကြောက်ရခြင်း အကြောင်းအရင်းများကို ဒီမှာ ရေးနေရင် နောက်ထပ် (၃) ရက်လောက် ကြာမယ်ထင်ပါတယ်။ ကျွန်တော်က ဓါတ်ပုံသမား ဆိုတော့ ကျွန်တော့် အကျင့်အတိုင်း သူ့ကို Digital SLR Camera ၀ယ်ဖို့ ပိုးထဲ့တာပေါ့။ ၀ယ်မယ် ဆိုပြီး ဘယ်ဟုတ်မလဲ ဗျာ။ မယ်မင်းကြီးမ က USA မှာ ဈေးကြီးလို့ ဆိုပြီး ကျွန်တော့်ကို ဘန်ကောက်မှာ ၀ယ်ခိုင်းပါလေရော။ ယဉ်ယဉ်ကျေးကျေး ပြောရင် အကူအညီ တောင်းတာ ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခိုင်းစားတာ ပေါ့။ ဟိ ဟိ။

ပွန်ကြီး ဆိုတာ ဘူလေးလဲ

ပွန်ကြီးက မှတ်ပုံတင်ထဲမှာသာ မိန်းခလေး ဗျ။ သူ့မှာ မိန်းခလေးနဲ့ တူတာဆိုလို့ ဘာမှ ရှိဘူး။ အဲ အဲ… ဘာတွေ ပြောမိမှန်း မသိပါဘူးဗျာ။ ခေါင်းစဉ် ပြောင်းတာ ကောင်းပါတယ်လေ…။ အဲ… ဟိုတလောလေးက Gtalk မှာ သူနဲ့ စကားပြော ဖြစ်တယ်။ သူ ကျွန်တော့်ကို နှုတ်ဆက်သွားပုံလေးက “ဘရားသားကြီး ၊ ကျွန်တော် ရန်ကုန်ပြန်လာတော့ မလို့ဗျ။ ပြန်လာရင် ကျုပ်ကို မုန့်လိုက်ကျွေး နော်” တဲ့။ ပွန်ကြီးဟာ အစား အင်မတန် သောင်းကျန်းတာကို သိထားတဲ့ ကျွန်တော်ကလည်း “အေး အေး။ နင်ဘာစားချင်တုန်း။ ရုံးအားရက်မှာ ငါ လိုက်ကျွေးပါ့မယ်။” လို့ ပြန်ပြောလိုက်မိ ပါတယ်။ “ဟာဗျာ။ ကျုပ်စားချင်တာတွေက အများကြီးဗျ။ ခု Gmail မှာ ချရေး နေတယ်။ ပြီးရင် ဘရားသားကြီး Gmail ထဲကို ပို့ပေးလိုက်မယ်။ ဟုတ်ပလား။” ကျွန်တော် အဲဒီ အချိန်မှာ မေတ္တာသုတ် ရွတ်နေပါပြီ။ ဘုရား ၊ ဘုရား List တောင် လုပ်ပြီး ပို့ဦးမယ် ဆိုပါလား။ သေစမ်း ရဲလွင်ဦး ရေ…။

1 New Unread Message

ပွန်ကြီးတို့က ဒါမျိုးဆို သိပ်မြန်တာ။ သိပ်မကြာပါဘူး။ Gtalk notification မှာ “1 New Unread Message” ဆိုပြီး ပေါ်လာပါလေရော။ ကျွန်တော် မေးလ်ကို ဖွင့်တဲ့ ပုံက ရှမ်းကိုမြီး ရိုက်လို့ ဖဲပွတ်သလိုပဲ ဗျ။ မေးလ်လည်း ပွင့်လာရော လန့်ထာဗျာ။ သိပ်မများဘူး ဗျ။ (၁၆) မျိုးတည်းရယ်။ ကဲ ကြည့်ပါဦး သူပို့လိုက်တဲ့ စားဖွယ်စုံကို

၁) ကျောက်မြောင်းထဲက နာမည်ကြီး မုန့်လင်မယား…
(တန်းစီပြီး စောင့်ရပေမယ့် အပြင်အကာလေး ကြွရွပြီး ကိုက်လိုက်တာနဲ့  အထဲက ပဲပြုတ်များများလေး ပါတဲ့ မုန့်နှစ် အိအိလေးကတော့ ဘာနဲ့မှ ယှဉ်လို့ မရဘူး… နှမ်းထောင်းများများလေး ဖြူးခိုင်းဖို့ မမေ့နဲ့နော်…)

၂) အဲဒီ ဆိုင်ကပဲ ရေမုန့်…
(မုန့်နှစ် ပိုင်တော့ စားလို့ ကောင်းသလား မမေးနဲ့…)

၃) လှည်းတန်းက ငါးဖယ်သုတ်နဲ့ ကြာဇံချက်…

၎) စမ်းချောင်းထဲက ဘာညာသရကာ အသုတ်ဆိုင်…
(ရခိုင် ထမင်းသုတ်၊ ရေခူသုတ်၊ ဆေးဘဲဥသုတ်၊ ငါးကျည်းခြောက်သုတ်၊ ရုံးပတီသီးသုတ် စတဲ့ အကုန်သုတ်ပေးတဲ့ ဆိုင်ပေါ့… ထမင်းဖြူ တစ်ပန်းကန်နဲ့ အသုတ်ပေါင်းစုံ ဗိုက်ရိုက်စား တာတောင် တော်တော်လေး တန်ပါတယ်…)

၅) အင်းစိန် RIT နားက ဦးရေခဲမုန့် ဟင်းခါး…
(မိုးအလင်းဆိုင် ဆိုတော့ ညဘက် ဘောလုံးပွဲ ကြည့်ရင်း ဗိုက်ဆာရင် သွားစားဖို့ မမေ့နဲ့ နော်… အလှူ မုန့်ဟင်းခါးလို မွှေးမွှေးပျစ်ပျစ်လေးနဲ့မို့ အိုးဘဲဥရယ် ပဲကြော်လေးရယ်နဲ့ တွဲစားလိုက်လို့ ကတော့ ရှယ်ပဲ…)

၆) မြေနီကုန်း မဟာဘောဂလမ်းထဲက ၀က်သားတုတ်ထိုးနဲ့ ကြာဇံ…
(သူ့ဆိုင်က ၀က်အူက တခြားဆိုင်တွေနဲ့ မတူတော့ နာမည်ကြီးတယ်… အပြောင်းအလဲလေး ဖြစ်အောင် သွားစားကြည့်နော်… ပြီးရင်တော့ ဘေးက အအေးဆိုင်မှာ ဒိုမီနိုလေး အစာပိတ် ၀င်သောက်ဖို့ မမေ့နဲ့ နော်…)

၇) လသာလမ်းထောင့်က ဆီထမင်းနဲ့ ငါးခြောက်ကြော်…
(လသာလမ်း အပေါ်လမ်းထောင့်က ဆိုင်နော်… သူ့ဆိုင်မှာ ကုန်သွားရင် အောက်လမ်းထောင့်က သူ့အစ်မဆိုင်ကို ညွှန်းတတ်ပေမဲ့ သူ့ဆိုင်က ပိုကောင်းတယ်…)

၈) ရန်ကင်းစင်တာနောက် ၁၂လုံးတန်းက ‘သဘာဝ’ ဆိုတဲ့ ယိုးဒယားဆိုင်…
(ဆိုင်ရှင် ယပက်လက် ကိုယ်တိုင်ချက်တာ… ယိုးဒယား အစားအသောက် ကြိုက်တဲ့ သူများအတွက်တော့ အရမ်းကို တန်တဲ့ဆိုင်ပေါ့… seafood tom yum ဟင်းရည်ဆိုလို့ ကတော့ ပုဇွန်တွေ ပြည်ကြီးငါးတွေ အများကြီးပါတဲ့ ၁၈၀၀ တစ်ပွဲကို လူနှစ်ယောက် ကောင်းကောင်းစားလို့ ရပါတယ်…)

၉) တရုတ်တန်း စဉ့်အိုးတန်း အပေါ်လမ်းထိပ်က ‘ရွှေနဂါး’…
(တရုတ်တန်းမှာတော့ သူ့ဆီချက်နဲ့ ကော်ရည်ကို မှီတာ ရှားပါတယ်… လွန်ခဲ့တဲ့ (၁) နှစ်လောက်အထိ ဆီချက် တစ်ပွဲကို ၃၀၀နဲ့ ရောင်းတုန်း… လွန်ခဲ့တဲ့ (၆) လလောက်ကတော့ ၄၀၀ ဖြစ်သွားပြီ… ဆီချက်၊ ကော်ရည်၊ ဘဲခေါင်းသုတ်၊ အသဲအမြစ်သုတ်၊ ဘဲသွေးသုတ် အစုံရပါတယ်… စေတနာလဲ ကောင်းတယ်…)

၁၀) M3 အနောက် လမ်းကြားထဲက ‘အောင်သုခ’…
(မြန်မာ ထမင်းဟင်း စားချင်တယ် ဆိုရင်တော့ မမေ့ပါနဲ့ … စေတနာ အရမ်းကောင်းတဲ့ ဆိုင်ပါ… ဆိုင်ရှင် ထိပ်ပြောင်ဦးလေးကြီး ကိုယ်တိုင် ဟင်းတွေ လိုက်လိုက်ဖြည့်ပေးတာ… ကြက်ကြော်သုပ်၊ ဆိတ်ကလီစာ၊ အမဲနှပ် ကောင်းတယ်…)

၁၁) တာမွေက ဦးချစ်မောင်လမ်းနဲ့ ရွှေဂုံတိုင်လမ်းကို ဆက်ထားတဲ့ လမ်းလေးထဲက ကော်ပြန့်ကြော်…
(လမ်းနာမည်တော့ မသိဘူး… ကျိုက်ထီးရိုး ဘုရားလေး သေးသေးလေး တစ်ဆူရှိတယ်…)

၁၂) TOP CHOICE က ထိုင်းထမင်းပေါင်းနဲ့ ငါးဟင်းထုတ်…

၁၃) ဗဟိုလမ်း စွမ်းစွမ်းက ကြက်ဥ ခေါက်ဆွဲကြော်…

၁၄) အင်းစိန် မင်းဓမ္မလမ်းပေါ်က ငါးအရေခွံကြော်…

၁၅) လမ်းမတော် (၈) လမ်းထိပ်က ကုလား ကြက်သားသုတ်…
(အရည် ရွတ်ပတ်ကြီး မဟုတ်ဘဲ အခြောက် သုတ်ပေးတာ…)

၁၆) လမ်းမတော် အောက်လမ်းထောင့် ရွှေနန်းတော်ရှေ့က ဂဏန်းကော်ကြော်…

နိဂုံး

အဲ ပွန်ကြီး တစ်ယောက် ကိုးရီးယား ဇာတ်လမ်းတွဲ ရုပ်ရှင်ကားတွေ ကြိုက်တယ် ထင်ရဲ့။ နောက်ဆက်တွဲတွေ ရှိသေးတယ် ဆိုတာကို အချက်ပြ လိုက်ပုံများက “ကျန်နေသေးတာတွေ ထပ်ဖြည့်ပေးမယ်နော်… ဟုတ်ကဲ့… ခု စဉ်းစားမိ သလောက်ကတော့ ဒီလောက်ပါပဲ… နောက် စဉ်းစားလို့ရမှ ထပ်ရေးဦးမယ် နော်… ရေးရင်းနဲ့  ကျွန်တော် မြို့ပတ်ပြီး လျှောက်စားနေတာတောင် လူသိပါပြီ… ဟီး…” ဟူ၍သာ…

WELCOME BACK

ကျွန်တော့်ကို ခိုင်းစားတော့မယ့် ၊ ရန်ကုန် တကူးတက ပြန်လာပြီး အစားအသောက် သောင်းကျန်းတော့မယ့် ဆင်ဖြူရှင်မ အား မေတ္တာသုတ်လေး ရွတ်ဆိုရင်း ကြိုဆိုလိုက်ပါတယ် ခင်ညာ…

  • Share/Save
Posted under: Notes
« Previous photos
Next photos »

Recent Photos

  • 2394
  • 2374
  • 2357
  • 2340
  • 2320

Friends

  • Myo Kyaw Htun
  • Myo Han Htun
  • Nyi Min San
  • Chan Mya Soe
  • Min Thu
  • Soe Photography

Follow me at

  • LinkedIn
  • Facebook
  • Twitter
  • Friendster
  • Hi5
  • Photoblog
  • Picasa
  • DeviantArt

Archives

  • July 2010
  • June 2010
  • May 2010
  • April 2010
  • March 2010
  • November 2009
  • October 2009
  • September 2009
  • August 2009
  • July 2009
  • June 2009
  • May 2009
  • April 2009
  • March 2009
  • February 2009
  • January 2009
  • December 2008
  • November 2008
  • October 2008

Categories

  • 5nap5hots
  • 5treet 5hots
  • Dedications
  • Festivals & Events
  • Landmarks
  • Nature Arts
  • Notes
  • Portraits
  • Rural Lives
  • Souvenirs of Landscapes
  • Travel Spots

Blogging

  • C2M
  • My Photography Blog
  • Tanintharyi