Me, Ko Toe and Sayama
မနက်ဖြန်ဆိုရင် ကျွန်တော် ရန်ကုန် ပြန်ပါပြီ။ ဒီ ဘန်ကောက်မှာ ရောက်နေတာ စုစုပေါင်း (၈) ရက်ပေါ့။ အမှတ်တရလေး ဖြစ်သွားအောင် ကျွန်တော့်ရဲ့ တကယ့် အဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။
နေရာကတော့ အများက ဘန်ကောက် ၀င်းဦး ဟု ခေါ်ဆိုကြသော ဒီဇိုင်နာ ၊ ပန်းချီ ဆရာ ကိုတိုး (ခေါ်) ကိုမျိုးဟန်ထွန်း အခန်းထဲမှာပါ။ ဖြစ်ပုံလေး ကတော့… ဧပြီလ (၁၁) ရက်ပေါ့။ ကျွန်တော် ဘန်ကောက် ရောက်ကတည်းက သူ့ကို မတွေ့ရသေးတော့ သူ့ကိုလည်း နှုတ်ဆက်ရင်း ၊ သူမှာ ထားတဲ့ အမေ လူထုဒေါ်အမာ စာအုပ်တွေလည်း ပေးရင်း သွားမယ် ဆိုပြီး သူ့အခန်းကို ရောက်သွားတာပေါ့။ ကိုယ်တော်ချောက အသစ်စက်စက် ၀ယ်ထားတဲ့ INTEL QUAD CORE ကွန်ပျူတာကြီးကို သူ့ရှေ့တည့်တည့်မှာထား ၊ ၂၂ လက်မ HP LCD monitor ပေါ်မှာ သူရူးသွပ်နေကျ ဒီဇိုင်းတွေကို ထိုင်လုပ်နေတာပေါ့။ အဲဒီ monitor ဘေးမှာ သူ့ရဲ့ အိပ်ဆောင်ကွန်ပျူတာ laptop လေးကို စနစ်တကျ တင်ထားတာပါ။ အောင်မယ်… ကိုယ့်ဆရာက ကွန်ပျူတာ (၂) လုံးစလုံး ပါဝါ ဖွင့်ထားတာဗျ။ ဒီလူက ပိုးဇာ ကာတွန်း character တွေကို ရူးရူးမူးမူး ဗျ။ ပိုးဇာ ပုံလေး တစ်ပုံကို Adobe Illustrator ထဲမှာ Layer ပေါင်း ရာထောင်ချီပြီး ထိုင်ဆွဲ နေတတ်တယ်။
ကျွန်တော် သူ့ကိုတွေ့တော့ “ဟေး လူပျိုကြီး။ ခင်ဗျား ဗျာ။ ကြီးကောင် ကြီးမားနဲ့ ကာတွန်းပုံတွေ ထိုင်ဆွဲ နေပြန်ပြီ။ ခင်ဗျား ကွန်ပျူတာထဲမှာ ဟိုပုံ ၊ ဒီပုံတွေ မရှိဘူးလား။ ခင်ဗျား ၂၂ လက်မ LCD ကြီးနဲ့ဆို ကြည့်လို့ အရမ်းကောင်းမှာဗျ။ ကဲ ပြစမ်းပါဦး။” ပြောလည်း ပြောပြီးရော ကျွန်တော် သူ့ laptop လေးကို လှမ်းကြည့်လိုက်တယ်။ GTalk Video Chat ကို enable လုပ်ထားပုံ ရတယ်ဗျ။ Screen ညာဖက် အောက်ထောင့်က Web Cam Window လေးမှာ မျက်ခုံးကောင်းကောင်း ၊ မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်မလေး ချောချောလေး တစ်ယောက်ကို တွေ့ရတယ်။ အဲ… သူက ကျွန်တော့်ကို ရီပြတယ်ဗျ။ ကျွန်တော်လည်း ဒါမျိုးလာလုပ်လို့ ကတော့ ဘယ်ရမလဲ။ ပြန်ရီ ပြလိုက်တာပေါ့။ အဲ သူကလည်း ထပ်ရီပြပြန်ရော။ ဒါနဲ့ ကိုတိုးက သူ့ laptop က Web Cam ကို ကြည့်ပြီး ကျွန်တော့်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်မှာ… “ဆရာမ ၊ ဒါလေ… ကျွန်တော် ပြောပြောနေတဲ့ ရဲလွင်ဦး” ဆိုတာ။ အဲဒီမှာ ကျွန်တော် သိလိုက်ပါတယ်။ ရဲလွင်ဦး တို့တော့ ဂွမ်းပြီ။ (ဂွမ်းပြီ ဆိုသော စကားမှာ ခေတ်အသုံးအနှုန်း ဖြစ်ပါသည်။ အနက် အဓ္ဓိပါယ် ပြန်သော် သေပြီ ဟု ဆိုလိုသည်။) ဆရာမ ဆိုသော မိန်းခလေး ကလည်း ပြန်ပြောသဗျာ။ “ကိုရဲလွင်ဦး မင်္ဂလာပါ” တဲ့။
ကျွန်တော် ခတ်သုတ်သုတ်ပဲ မေးလိုက်တယ်။ “ကိုတိုး ၊ ခုနက အနော် ပြောတာတွေ သူကြားရတာလားဗျ” လို့။ ပြန်ဖြေတဲ့ ကိုတိုး ခမျာ ခေါင်းညိမ့်ပြတယ် ဗျို့။ ပါးစပ်နဲ့တောင် မဖြေနိုင်ဘူး။ ကျွန်တော်လည်း စိတ်ထဲမှာ ရေရွတ်မိပါတယ်။ “မောင်ရဲလွင်ဦး… မင်း သွားသေစမ်း” လို့လေ။ ကိုတိုး က ပြန်ပြော လိုက်သေးတယ်။ မင်းက နောက်ကျနေသေးတယ်။ မင်းတို့ သူငယ်ချင်း မောင်အာကာဦး လည်း ခံရပြီးပြီ။ ငါ့အခန်းထဲ ၀င်လာပြီး ဟိုပြော ၊ ဒီပြော လုပ်သွားတာ ဆရာမဆို Web Cam ထဲမှာ နားပိတ်ထားရတယ် တဲ့ဗျာ။ ကျွန်တော် ကိုတိုးကို ဘာပြန်ပြောလိုက်လဲ သိလား။
“ခင်ဗျား ဗျာ။ နောက်ဆို အခန်း ရှေ့မှာ သတိပေးစာလေး ကပ်ထား။ သတိ။ စကားပြော ဆင်ခြင်ပါ။ Web Cam ဖွင့်ထားသည်” လို့သာ…


သြော် ဒုက္ခပဲ .. ငါ့ကို ချစ်တိတ်တခိုးဖြစ်နေတဲ့ ကောင်မလေးတွေ ကောင်မကြီးတွေ အပျိုကြီးတွေ အအိုကြီးတွေတော့ အသဲတွေကွဲကုန်ပါပြီ။