JAPANESE PHOTOGRAPHER
ကျွန်တော် နှင့် ဇာတ်လမ်းများ
ဒီ Notes Section မှာ ရေးထားတဲ့ ဇာတ်လမ်းလေးတွေကို ဖတ်မိပြီး ကျွန်တော့်ဆီ Email နဲ့ တစ်မျိုး ၊ တယ်လီဖုန်းနဲ့ တစ်ဖုံ မေးမြန်းကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိပါတယ်။ “မောင်ရဲလွင်ဦးရေ… ဒါတွေက တကယ့်အဖြစ်အပျက် တွေလား” ဆိုပြီးတော့။ ကျွန်တော် ဒီမှာ တကယ့် အဖြစ်အပျက်တွေကို ပဲရေးတာပါ။ တီထွင်ဖန်တီး ရေးယူတာမျိုးလဲ ကျွန်တော် ၀ါသနာ မပါပါဘူး ခင်ဗျာ။ စာရေးဆရာ လုပ်ဖို့လဲ အစီအစဉ် မရှိတာ အမှန်ပါ။ ဘယ်အချိန်ကတည်းက အဲလို Story လေးတွေ ရေးတတ်သွားတယ် ဆိုတာလဲ ကျွန်တော် ကိုယ့်ကိုကိုယ် မသိဘူးဗျ။ ကျွန်တော့် ဖြစ်ရပ်မှန် အတွေ့အကြုံလေးတွေ ၊ အဖြစ်အပျက်လေးတွေ ဆိုတော့ ဇာတ်လမ်း ၊ ဇာတ်အိမ်က စဉ်းစားဖန်တီး စရာ မလိုဘူးဗျ။ အဲ… စာဖတ်သူတွေ ဖတ်ရတာ အဆင်ပြေအောင် စကားလုံး အသွားအလာ ၊ အသုံးအနှုန်းလေးတွေ ရွေးခြယ် ရေးသားရတာပဲ ရှိပါတယ်။ မြန်မာစာ အသုံးအနှုန်း ကြွယ်ဝတဲ့ ကျွန်တော့် ညီမလေး ပွန်ကြီး (ခေါ်) ဆင်ဖြူရှင်မ (ခေါ်) နို့စည်ပုံးကြီး က PROOFREAD လုပ်ပေးလေ့ ရှိပါတယ်။
အဲ… အခုလဲ ကျွန်တော့် အဖြစ်အပျက်လေး ပါပဲ။ ဒီတစ်ခါတော့ မင်းသားက ကျွန်တော် ကိုယ်တိုင်ပါ…
ကျွန်တော့် စတိုင် နှင့် အ၀တ်အစား
စကားဦး ချီရမှာက ကျွန်တော့် ပုံစံပါ။ ကျွန်တော် အမြဲတမ်း ဂတုံးနဲ့ပါ။ ဟုတ်ပါတယ်။ တစ်ပတ် တစ်ခေါက် ကျွန်တော် ဆံပင်ရိတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆံပင် ပါးလို့ ပါ။ ဆံပင် မရှိတရှိထက် စာရင် ဂတုံးနဲ့ နေတာ ပိုကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။
နောက်ပြီး ကျွန်တော် ရုံးသွားရင် ရှပ်အကျီ လက်ရှည်နဲ့ စတိုင် ဘောင်းဘီ ၀တ်လေ့ ရှိပါတယ်။ အဲလိုဝတ်ရတာ ကြိုက်လို့လား ဆိုတော့ မဟုတ်ဘူးဗျ။ သူ့နေရာနဲ့ သူမို့ ထိုက်သင့်သလို ၀တ်စားရတာမျိုးပါ။ အဲဆို… ကျွန်တော် ဘာတွေကို ခုံခုံမင်မင် ၀တ်သလဲ ဆိုတော့ TEE (တီရှပ်အကျီ) ၊ SHORT PANT (ဘောင်းဘီတို) နဲ့ FLIP FLOP (ရာဘာ ကြားညှပ် ဖိနပ်) ပါ။ ဘာဖြစ်လို့လဲ လို့မေးရင် လွတ်လပ်လို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် အဲလို လွတ်လပ်ပေါ့ပါးစေတဲ့ အ၀တ်အစားတွေကို အရမ်းကို ကြိုက်ပါတယ်။ နှစ်ခြိုက်စွာလဲ ၀တ်လေ့ ရှိပါတယ်။ အထူးသဖြင့် ဓါတ်ပုံရိုက် ထွက်ရင် ကျွန်တော် ခုနက ပြောခဲ့တဲ့ အရာတွေကိုပဲ ၀တ်လေ့ရှိပါတယ်။
မွေးရပ်မြေ ခရီး
ကျွန်တော့် အဖေက ထားဝယ်သား ပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ထားဝယ်မှာ ကြီးပြင်းခဲ့ပါတယ်။ ရန်ကုန်မှာမွေး ၊ ထားဝယ်မှာ ကြီးပြင်းတာပေါ့။ သူငယ်တန်းမှ သတ္တမတန်းအထိ အဲဒီမှာပဲ ကျောင်းတက် ခဲ့တာပေါ့။ နောက်တော့ ၁၉၉၇ မှာ ဖခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ကျွန်တော်တို့ တစ်မိသားစုလုံး ရန်ကုန်မှာ အခြေချ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ အခြေချတယ် ဆိုပေသိ အခွင့်အခါ သင့်တိုင်း တစ်နှစ်မှာ တစ်ခေါက်လောက်တော့ ထားဝယ် ပြန်ဖြစ်တယ်ဗျ။ ကျွန်တော့် အမျိုးတွေ အဲဒီမှာ အများကြီး ရှိသကိုး။ အဖိုး နဲ့ အဖွားကလဲ ယနေ့တိုင် ထားဝယ်မှာပဲ ဗျ။ အဖိုး ၊ အဖွား ၊ ဦးလေး ၊ အဒေါ်တွေဆီ သွားကန်တော့မယ်လို့ အကြောင်းပြပြီး ကျွန်တော့် မွေးရပ်မြေဆီ ပြန်စမြဲပါ။ ၂၀၀၂ ခုနှစ် ၊ ကျွန်တော် ပြည်ပမှာ တက္ကသိုလ် သွားတက်လေတော့ ဘယ်လိုမှ ပြန်ဖို့ အခွင့်မသာတော့ပါဘူး။ ၂၀၀၆ ခုနှစ် ကျောင်းပြီးလို့ မြန်မာပြည်ပြန်တော့ ထားဝယ်က အမျိုးတွေက ကျွန်တော့်ကို လာလည်ဖို့ တစ်ခေါ်တည်း ခေါ်ပါတော့တယ်။ အဲလိုနဲ့ ကျွန်တော်လဲ လေယာဉ်လက်မှတ် ၀ယ်ပြီး ထားဝယ်ကို ရောက်သွားခဲ့တာပေါ့။
ကျွန်တော့် ရောဂါ
အဲဒီ ၂၀၀၆ ဆို ကျွန်တော် ဓါတ်ပုံရိုက်တဲ့ ရောဂါ ရနေပါပြီ။ ကျွန်တော်တို့ အိမ်က ဈေးနားမှာပါ။ LIFE ပုံတွေကို ရူးမူးတဲ့ ကျွန်တော် ကင်မရာကြီးကို ကိုင်ပြီး ဈေးထဲဝင်သွားတာပေါ့။ ငါးစိမ်းသည် ရိုက်လိုက် ၊ ဟင်းသီးဟင်းရွက်သည် ရိုက်လိုက်နဲ့ ဟုတ်နေတာဗျာ။ လူတွေက ကျွန်တော့်ကို ၀ိုင်းကြည့်နေကြတာ ဗျ။ ကျွန်တော်လဲ ခပ်မှန်မှန်ပဲ။ သူတို့ ပြောနေ ၊ ကြည့်နေကြ တာတွေကို ဂရုမစိုက် နိုင်ပေါင်။ ကျွန်တော့် ထုံးစံအတိုင်း အာရုံကို မှန်ဘီလူးထဲမှာပဲ ထဲ့ထား လိုက်မိတယ်။
ဂျပန်စုတ်
အဲမှာ ကျွန်တော် ငါးပိ ၊ ငါးခြောက်တန်းကို ရောက်သွားရော။ ငါးခြောက်ဆိုင်တွေကို ရိုက်နေတုန်း နောက်နားက ပုစွန်ခြောက် ရောင်းတဲ့ အဒေါ်ကြီး တစ်ယောက်က ထားဝယ်သံဖြင့် ပြောပါလေ ရော… “ဒီ ဂတုံးနဲ့ ဂျပန်စုတ် ၊ ငါ့ကျတော့ မရိုက်ဘူး ၊ ငါးခြောက်တွေပဲ ရိုက်နေတာပဲ” တဲ့ဗျာ။ ကျွန်တော်လည်း မသိချင်ယောင်ဆောင်ပြီး ပုံတွေ ဆက်ရိုက်နေခဲ့တာ။ အားလုံး ပြီးသွားပြီ ဆိုမှ ကျွန်တော် သူ့ဖက်ကို လှည့်ပြီး ထားဝယ်သံနဲ့ ပြန်ပြောမိလိုက် သည်မှာ “ပုစွန်ခြောက် တစ်ပိသာ ဘယ်ဈေးလဲ” ဟူ၍သာ… အနီးအနားရှိ ဈေးသည်များကတော့ အံ့သြမှင်တက် မှုများဖြင့်…
တကယ့် ဂျပန်ကြီး
တကယ်ပါ ဗျာ။ ကျွန်တော့် ခေါင်းမှာလည်း ဆံပင်က မရှိ ၊ ဘောင်းဘီတိုနဲ့ ဆိုလေတော့ တွေ့သမျှ လူတွေက ကျွန်တော့်ကို ဂျပန်လို့ ထင်နေတော့တာ။ ရွှေတိဂုံ ပေါ်တက်ရင်လည်း ဂေါပက လူကြီးများ ခဏခဏ လာမေးပါတယ်။ “You are from JAPAN? Have you paid the camera tax?” ကျွန်တော်ကလဲ အဲလိုဆို အငြိမ်မနေ တတ်ဘူး။ မြန်မာလိုနဲ့ ပြန်ပက် ပြောတတ်တယ်။ “ကျွန်တော် ဂျပန် ဆာကေး အရက်တော့ ကြိုက်တယ်ဗျ” လို့။ ဂေါပက လူကြီးများ ခေါင်းကုပ်ပြီး ကျန်ခဲ့ကြ စမြဲ… ကျွန်တော် ဂျပန်မဟုတ်ပါ ၊ မြန်မာ စစ်စစ်ပါ ခင်ညာ…


ဟိုက်မာစတာ ဟိုက်မာစတာ :P