မနေ့က ဧပြီလ ၁၀ရက် ပေါ့။ ကျွန်တော် ရန်ကုန်ကနေ ဘန်ကောက် လာခဲ့တယ်။ ပထမတော့ သူငယ်ချင်း အာကာဦး ဆီမှာ REFUGEE လုပ်ဖို့ စီစဉ်ထားတာဗျ။ အာကာဦးက ကိစ္စတစ်ခုနဲ့ ရန်ကုန်ပြန်သွားလေတော့ မျိုးကျော်ထွန်း က သူ့ဆီမှာ လာနေဖို့ ပြောတယ်။ ကျွန်တော် ကိုယ်တိုင် ကလည်း ဒီမောင့်ကို ကျွန်တော့ Site မှာ ပြင်ဆင် ပြောင်းလဲ စရာလေးတွေ အကူအညီ တောင်းချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။
ကျွန်တော် ၀ါသနာ ပါလွန်းလို့ ဒီ Photo Website လုပ်ဖြစ်တာပါ။ ကျွန်တော် web programmer မဟုတ်ပါဘူး။ ဒီဆိုဒ်ကလေး ဖြစ်ပေါ်လာဖို့ မျိုးကျော်ထွန်းက အကြံပြု ၊ သူပဲ develop လုပ်ခဲ့တာပါ။ “ကိုယ်ပိုင် ၀က်ဘ်ဆိုဒ် လုပ်ပြီးတင်မှသာ အကိုဖန်တီးထားတဲ့ ဓာတ်ပုံတွေကို သူငယ်ချင်းတွေ ခံစားခွင့် ရမှာပေါ့ဗျ။” သူ ၂၀၀၈ အောက်တိုဘာ ရန်ကုန် အပြန်မှာ ကျွန်တော့ကို တိုက်တွန်းသွားခဲ့တာပါ။ “ဘာမျှ မပူနဲ့ ကိုရဲလွင်ဦး။ ကျွန်တော် တတ်နိုင်သလောက် လုပ်ပေးမယ်။ အကိုသာ ပုံတွေများများတင်နိုင်အောင် ကြိုးစား။ ကျန်တာတွေ ကျွန်တော့ တာဝန်ထားလိုက်။ အကို့ကို ကျွန်တော် တတ်သလောက် ၊ သိသလောက် ပြန်သင်ပေးမယ်။ နဲနဲချင်းစီပေါ့။” အဲလိုပြောပြီး သိပ်မကြာဘူး။ သူ ဘန်ကောက် ပြန်ရောက်ရောက်ချင်း ပါပဲ။ ကျွန်တော့ domain name ကိုဝယ်ပြီး WORDPRESS နဲ့ tailored theme တစ်ခု ရေးပေးခဲ့ပါတယ်။ လူငယ်ပီပီ တော်တော်လေး စိတ်မြန်တဲ့ မောင်ပါ။ မှတ်မှတ်ရရ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာပါ။ ကိုယ်တော်ချော မောင်မျိုးကျော်ထွန်း တစ်ယောက် Gtalk ပေါ်တက်လာပြီး ပြောသွားတာက “ဗျို့ ကိုရဲလွင်ဦး။ အကို့ Site ပြီးသွားပြီဗျ။ post တွေ ၀င်ရေးပေတော့” ပါတဲ့။ ဒီလိုနဲ့ ကျွန်တော် YELWINOO.COM ဆိုတာလေး လုပ်ဖြစ်သွားတယ်။ အဲဒီ အချိန်က စ၍ ကျွန်တော် မတတ် ၊ တတတ်နဲ့ ရိုက်ထားတဲ့ ပုံလေးတွေ စဉ်ဆက်မပြတ် ဆိုသလို တင်ဖြစ်ခဲ့ပါတယ်။ တစ်ပတ်ကို ၂ ပုံ ၊ ၃ ပုံလောက်တော့ တင်ပါတယ်။
ကျွန်တော် ဓာတ်ပုံတွေ ရိုက်တယ် ၊ နဲနဲပါးပါး ချိန်တာ ပြုတာ (tuning) ရှိတယ်။ Software အနေနဲ့ Adobe Lightroom 2.1 နဲ့ Picasa 3.0 ကိုသုံးတယ်ဗျ။ ကျွန်တော့ Siteမှာ ပုံတွေကို စနစ်တကျ Categories လေးတွေ ခွဲထား ပေးပါတယ်။ ကျွန်တော် အသည်းအသန် အဓိက ထားတာကတော့ LIVE photos တွေပေါ့။ LIVE တွေချည်းတင်ရင် visitor တွေ ငြီးငွေ့သွားမှာကိုလည်း ထည့်ပြီးစဉ်းစား ရပါတယ်။ ဒါကြောင့်လည်း အမျိုးမျိုးသော ရသမြောက် ဓာတ်ပုံတွေကို သူ့ category နဲ့သူခွဲပြီး တင်ဖို့ ဆုံးဖြတ်ခဲ့တယ်ဗျ။ နောက်တစ်ခု… ကျွန်တော် ဓာတ်ပုံ တစ်ပုံချင်းစီ အတွက် Narration ရေးလေ့ ရှိပါတယ်။ ပုံနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာလေးတွေ ၊ ရိုက်နေတဲ့ အချိန်မှာ ခံစားရတဲ့ ခံစားချက်လေးတွေ စသဖြင့်ပေါ့။ တစ်ချို့ တစ်ချို့သော ရောင်းရင်းများက အဲဒီ Narration တွေကို အပင်ပန်းခံပြီး မရေးဖို့ ပြောပါတယ်။ ကျွန်တော် စာရေးတာကို ၀ါသနာ ပါလို့ ရေးနေတာပါ။ နောက်ပြီး ကျွန်တော့ ပရိတ်သတ် တော်တော်များများက ကျွန်တော့ Narration တွေကို ကျွန်တော့ ဓာတ်ပုံတွေထက် ပိုပြီး နှစ်သက်ပုံ ရကြတယ် ဗျ။
နှစ်ကူးအတာသင်္ကြန်မှာ ကျွန်တော့ site မှာ မြန်မာ (ဗမာ) ဘာသာနဲ့ ရေးဖို့ Notes ဆိုတဲ့ Feature အသစ်ကလေး တစ်ခု ထပ်တိုး ထားပါတယ်။ တစ်ချို့တစ်ချို့သော သူငယ်ချင်းတွေက မြန်မာလိုနဲ့ မှသာ ပိုမိုထိရောက်တဲ့ ဓာတ်ပုံမျိုးဆိုရင် Dual Language နဲ့ တင်ပါလား ဆိုပြီး အကြံပြု ကြတယ်ဗျ။ ကျွန်တော် ကိုယ်တိုင်ကလည်း နေ့စဉ် ရင်ဆိုင် ဖြတ်ကျော်နေရတဲ့ ကျွန်တော့ ဘ၀ရဲ့ တစေ့တစောင်းကို မြန်မာဘာသာနဲ့ ရေးဖို့ စိတ်ကူးခဲ့တာ ကြာပါပြီ။ ဒိုင်ယာရီ သဘောမျိုးလေးပေါ့။ မှတ်မှတ်ရရလေး ဖြစ်သွားအောင် သင်္ကြန်မှာ Notes ဆိုတာကို Launch လုပ်လိုက်ပါပြီ။ ကျွန်တော် လိုချင်တဲ့ Page Style တွေကို WordPress Code အဖြစ် မိနစ်ပိုင်းအတွင်း ပြောင်းပေးသွားတဲ့ မျိုးကျော်ထွန်း ကိုတော့ Salute ပါ။
အတာသင်္ကြန်မှာ ပြုံးပျော်ရွှင်မြူး နိုင်ကြပါစေ။

မနေ့က ညနေဖက် မျိုးကျော်ထွန်း အခန်းထဲမှာ ဂီတာခေါက်နေတုန်း သူရိုက်ပေးလိုက်တဲ့ Snapshot ပါ။ သူလဲ ကျွန်တော့လိုပဲ ဓာတ်ပုံဝါသနာ ရောဂါပိုး ကူးစက်သွားပါပြီ။ အခု နီကွန် ဒီ-၈၀ ကို ၁၈-၁၃၅ မမ မှန်ဘီလူးနဲ့ ၀ယ်ပြီး လျှောက်ရိုက်နေတယ်ဗျ။