CHAT KYI & HIS STORY
ဒီ Notes Section လေးက ကျွန်တော့် ဓါတ်ပုံတွေနဲ့ သိပ်တော့ သက်ဆိုင်မှု မရှိဘူးဗျ။ ကျွန်တော် မြန်မာလို ရေးတာကို နှစ်သက်ကြတဲ့ ၊ ဟာသလေးတွေ ဖတ်ချင်ကြတဲ့ သူငယ်ချင်းတွေ အတွက် ဒါလေးလုပ်မယ် ဆိုပြီး လုပ်ဖြစ်သွားတာပါ။
ချက်ကြီး ဆိုတာ…
ခုတစ်ခေါက်လည်း တကယ့်အဖြစ်အပျက် တစ်ခုပါပဲ။ ဘန်ကောက်မှာ ရောက်နေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်း မောင်ချက်ကြီး အကြောင်းပါ။ ချက်ကြီး ဆိုတာ ကျွန်တော်တို့ သူ့ကို ခေါ်တဲ့ နာမည်ပြောင်ပေါ့။ အဲ… မောင်ချက်ကြီးက ဘန်ကောက်မြို့ကို ရောက်လေတော့ မြန်မာတွေ အများကြီး နေထိုင်တဲ့ ABAC နားမှာ အခန်းငှားပြီး နေပါတယ်။ သူ့အခန်းက ကျွန်တော့် သူငယ်ချင်း ကိုမျိုးဟန်ထွန်း ၊ မျိုးကျော်ထွန်း တို့ ညီအကို အခန်းနဲ့ မလှမ်းမကမ်းမှာပါ။ ဟိုညီနောင် (၂) ပါးက အခန်းမှာ WiFi တပ်ထားတော့ မောင်ချက်ကြီးတို့ အကြိုက်ပေါ့ဗျာ။ ဘာပြောကောင်းမလဲ။ အလကား သုံးရတာကိုး။ ဘန်ကောက်မြေကို နင်းလိုက်တာနဲ့ “ယိုးဒယားမ ရည်းစား လိုချင်တယ်” ဆိုပြီး တငဲငဲ ပူဆာနေတဲ့ မောင်ချက်ကြီး တစ်ယောက် သိပ်မကြာပါဘူး။ ထိုင်းမလေး တစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်ပါလေရော…။ ကျွန်တော်က ရန်ကုန်မှာ ဆိုပေမယ့် သတင်းတွေ ကြားနေတာဗျ။ ချက်ကြီးတစ်ယောက် အခန်းတွင်းအောင်းပြီး တရားအားထုတ် (အဲ… မှားလို့) ဘာတွေလုပ်မှန်း မသိလုပ်နေတယ်ပေါ့။ တယ်လဲ ကြိုးစားတဲ့ ချက်ကြီး ပါလားနော်…။
ချက်ကြီးရဲ့ စေတနာ…
မောင်ချက်ကြီးနဲ့ ကျွန်တော်က အထက်တန်း ကျောင်းသား ဘ၀ ကတည်းက သူငယ်ချင်းတွေဗျ။ ခင်ဖို့ကောင်းတယ် ၊ စိတ်ကောင်းရှိတယ်။ ခုလဲ ကြည့်လေ…။ ထိုင်းမ နဲ့ ရည်းစား ဖြစ်တာ မကြာဘူး။ စေတနာတွေ ပိုပြီး ဗမာစကားတွေ သွားသင်ပေး ပါလေရောဗျာ။ အမယ်… သူ့ရည်းစားက လက်ထဲမှာ THAI – MYANMAR Dictionary တကားကားနဲ့ ဗျာ။ သူငယ်ချင်းတွေက သူ့အခန်း တံခါးကို ခေါက်ပြီး “ချက်ကြီးရေ…” လို့ သွားခေါ်ရင် အထဲက မိန်းခလေး အသံနဲ့ “ချက်ကြီး မရှိဘူး ၊ ကျောင်းသွားတက်နေပါတယ် ရှင်” ဆိုပြီး ၀ဲတဲတဲနဲ့ ယဉ်ယဉ် ကျေးကျေးလေး ပြန်ဖြေ ရှာသတဲ့ ဗျာ။ ချီးကျူးပါတယ် မောင်ချက်ကြီး ရယ်။ မြန်မာစာကို ကိုယ်ဖိ ၊ ရင်ဖိ များသင်ပေး လိုက်လေသလား…။
ချက်ကြီးရဲ့ လျှို့ဝှက်ချက်…
ချက်ကြီးကို အထင်မသေးနဲ့နော်။ ရန်ကုန်မှာလည်း ရည်းစား ရှိသဗျာ။ ဟုတ်ကဲ့…။ ဆိုလိုတာက ရည်းစား (၂) ယောက်ကို အပြိုင်တွဲပြီး အသေကဲတဲ့ ချက်ကြီးပါ။ တစ်ရွာတစ်ကျီ ဆောက်တယ် ပြောရမလားပဲ။
ချက်ကြီး ကွိုင်တက်ပြီ…
တစ်နေ့ ရန်ကုန်က သူ့ကောင်မလေး သူ့ဆီ အီးမေးလ် ပို့လာပါတယ်။ ကိုတော်ချောက ရေချိုးနေတယ် ထင်ပါရဲ့။ သူ့ထိုင်းမ ရည်းစားက သူ့ အီးမေးလ်တွေကို ဖတ်ပါလေရော။ အီးမေးလ် ထဲမှာက Burglish နဲ့ ရေးထားတာပါ။ “Ko Ko, Nay Kaung Larr? Chit A Yann Lwan Nay Tel…” စ သဖြင့်ပေါ့။ မောင်ချက်ကြီး ရေချိုးခန်းထဲက အထွက် ကွိုင်တက်ပါလေရော ဗျာ။ ထိုင်းမလေးက မြန်မာပြည်က ချက်ကြီး ရည်းစား ပို့လိုက်တဲ့ စာတွေကို ဖတ်ပြီး အားလုံး နားလည် နေတယ်လေ…။ အဲတော့ ထိုင်းမက အဲဒီ အီးမေးလ်ကို reply ပြန်လုပ်တယ်။ “Hello, this is Chat Kyi’s girlfriend. Pls do not disturb me and Chat Kyi. We love each other so much…” ဆိုတာတွေ ပေါ့။
တော်လိုက်တဲ့ ချက်ကြီး…
အဲဒီမှာ ရွှေဥာဏ်တော် စူးရောက်လေတဲ့ မောင်ချက်ကြီး တစ်ယောက် မျိုးကျော်ထွန်းဆီ ဖုန်းဆက်ပြီး WiFi ရဲ့ တိုင်ကို ဆွဲဖြုတ် ခိုင်းပါလေ ရော။ ချက်ကြီးက မျိုးကျော်ထွန်း အခန်းက အင်တာနက် ကွန်နက်ရှင်ကို အခမဲ့ သုံးစွဲနေတာလေ…။ “ဟေ့ကောင် ၊ ဖြုတ်ပစ်လိုက် ၊ တိုင်ကို ဖြုတ်ပစ်လိုက်… ချက်ချင်း ၊ အခု…” တဲ့ဗျာ။ ဘယ်တိုင်ကို ဖြုတ်ရမှန်း မသိတဲ့ မျိုးကျော်ထွန်း တစ်ယောက် အူတူတူ နဲ့ လုပ်နေတုန်း ထိုင်းမလေးက reply စာကို ပို့ထုတ်လိုက်ပါပြီ ခင်ဗျာ။ အဲဗျာ။ ကံကောင်းတဲ့ ချက်ကြီးတို့များ ရန်ကုန်က သူ့ကောင်မလေးရဲ့ Gmail Account password ကို သိနေပြန်ရော။ ဒါနဲ့ပဲ မျိုးကျော်ထွန်းကို နောက်တစ်ခေါက် ဖုန်းခေါ် ၊ သူ့ ရန်ကုန်က ရည်စားရဲ့ Gmail Account ထဲ ၀င်ခိုင်းပြီး အဲဒီ ထိုင်းမလေး ခုနက ပို့လိုက်တဲ့ အီးမေးလ်ကို ဖျက်ခိုင်း ပါတော့တယ်။ သူပြောချင်တဲ့ Message က “ဟေ့ကောင် ၊ ငါ့ကောင်မလေးရဲ့ Gmail Account ကိုဝင် ၊ နောက်ဆုံး Email တစ်စောင်ကို ဖျက်ပေး ၊ ငါမင်းကို Account ရဲ့ Password ပြောမယ် ၊ လိုက်မှတ် ၊ t-e-e-r-i-e”။ အဲလို ပြောလို့ကလည်း မဖြစ်ပြန်ဘူး။ Gmail, Email, Account, Password အစ ရှိတဲ့ စကားလုံးတွေကို ထိုင်းမလေးက နားလည် တယ်လေ။ အဲတော့ မောင်ချက်ကြီး တစ်ယောက် ပြောချင်သော အရာများကို မြန်မာမှု ပြုလိုက်ပုံက “ဟေ့ကောင် ၊ ဂျီလျှပ်စစ် စာမျက်နှာကိုသွား ၊ အဲဒီမှာ မြန်မာပြည်က ငါ့ဆော်ရဲ့ လျှပ်စစ်စာ စာရင်း ရှိတယ်။ အဲဒီ စာရင်းရဲ့ လျှို့ဝှက်သင်္ကေတက တ လုံးကြီးတင် ဆံခတ် ၊ အ လုံးကြီးတင် ဆံခတ် ၀စ်စနှစ်လုံးပေါက် ၊ အ လုံးကြီးတင် ဆံခတ် ၀စ်စနှစ်လုံးပေါက် ၊ အ ရေးချာ ၊ အ လုံးကြီးတင် တစ်ချောင်းငင် င သတ် ၊ အ လုံးကြီးတင် ဆံခတ် ၀စ်စနှစ်လုံးပေါက်” ဟူ၍ ဖြစ်ပါတော့သည်။
နောင်တရတဲ့ ချက်ကြီး…
ထိုအချိန်မှ စ၍ ချစ်သူငယ်ချင်း မောင်ချက်ကြီး တစ်ယောက် သူ့ထိုင်းမလေးကို မြန်မာစာ ထပ်မသင်ပေး တော့ဘူး လို့ ကြားသိရပါတယ် ခင်ဗျား။


ROFL… what the hell… it’s damn funny… now i know why u type like ၀ိုင် အီး အယ်လ် ဒဗယူ အိုင် အမ် when u told me ur username to check ur account… LOL…