JULY RECORDS
ကျွန်တော် နဲ့ စင်္ကာပူ
အခုဆို ကျွန်တော် စင်္ကာပူ ရောက်တာ တစ်နှစ် ကျော်ခဲ့ပြီ ဗျာ…။ အတိအကျ ဆိုရင်တော့ ၂၀၀၉ ဇူလိုင်လ ၄ ရက်နေ့ မှာ ကျွန်တော် ချစ်တဲ့ မြန်မာပြည်ကို ကျွန်တော် ကျောခိုင်း ခဲ့တာဗျ။ စင်္ကာပူကို ရောက်စ ကတည်းက ရရာ အလုပ်နဲ့ ရုန်းကန်ပြီး အသက်ဆက် ခဲ့တာ ၂၀၁၀ ဧပြီလ အထိ ဆိုပါတော့ဗျာ။ ကျွန်တော့် တစ်ကိုယ်ရေ အတွက် တောင်မှ မလောက်င နိုင်တဲ့ ၀င်ငွေမျိုးနဲ့ ကျွန်တော် ကျိတ်မှိတ် ရုန်းကန် ခဲ့တာပါ။ ကျွန်တော့်ရဲ့ ခံယူချက် ကိုယ်တိုင်က “Once it’s in my dictionary, there is no turning back” ဆိုတာ ပါပဲ။ ကျွန်တော် လက်လျှော့ပြီး ရန်ကုန် ပြန်သွားခဲ့ရင် ကျွန်တော့်ကို ကြည့်မယ့် အထင်သေးတဲ့ မျက်လုံး အစုံပေါင်းက ထောင်ချီတယ် ဗျ။ အဲဒီ အနှုတ်လက္ခဏာ ဆောင်တဲ့ မျက်လုံးတွေ ကြားထဲ ပြန်သွားမယ့် အတူတူ ဒီမှာပဲ အပင်ပန်း ခံမယ် ဆိုတဲ့ စိတ်နဲ့ ရရာ အလုပ်ကို ဖက်တွယ် ရုန်းကန်ရင်း အလုပ်သစ်ကို မျှော်လင့် ရှာဖွေ နေခဲ့တာ… ၉လ လုံးလုံး ဆိုပါတော့ ဗျာ။ မှတ်မှတ်ရရ ၂၀၁၀ မေလ ၄ ရက် ဗျ။ ကျွန်တော် အလိုချင်ဆုံး ၊ ကျွန်တော် အမျှော်လင့်ဆုံး အလုပ်ကို ကျွန်တော် ရခဲ့တယ်။ ကျွန်တော် အတိုင်းမသိ ရင်ခုန် ပျော်ရွှင် ခဲ့ရတဲ့ နေ့ပေါ့ဗျာ…။ ကျွန်တော့် ဘ၀ရဲ့ အရေးပါတဲ့ တစ်ဆစ်ချိုး လို့တောင် ပြောရမလား ပဲ။
ကျွန်တော် နဲ့ အလုပ်
ကျွန်တော် အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီမျိုး ၊ လိုချင်တဲ့ Status မျိုး ၊ လစာမျိုး နဲ့ ရလာတဲ့ အလုပ်တစ်ခုကို ကျွန်တော် ၀မ်းသာအားရပဲ ကြိုဆို လက်ခံ ခဲ့တာပါ။ ကျွန်တော် ဒီအလုပ်ကို လက်ခံဖို့ရာ ၂ ကြိမ်တောင် ပြန်မစဉ်းစား ခဲ့ဘူးဗျ။ အင်မတန် အန္တရာယ်များပြီး ပေါက်ကွဲ လွယ်တဲ့ ဓါတု အဆိပ်ငွေ့ တွေကြား လုပ်ရတဲ့ အလုပ် ဆိုပေသိ ကိုယ်ပင်ပန်းတဲ့ အထိုက်အလျောက် အသိအမှတ် ပြုခံရပြီး အကျိုး ခံစားခွင့် ရမယ့် အလုပ်မို့ ကျွန်တော် စိတ်သန့်သန့် နဲ့ပဲ လက်ကမ်းလို့ ဆီးကြို ခဲ့တယ် ဗျာ။ အဲလိုနဲ့ ဒီအလုပ်ကို ဒီကနေ့ ဒီအချိန် အထိလဲ ကျွန်တော် စိတ်ပါ လက်ပါ နဲ့ လုပ်ကိုင်ဆဲ ပါပဲ။ အမှန်ပြောရရင် ဒီ အလုပ်ရပြီး ကတည်းက အရင် ရှိခဲ့တဲ့ စိတ်ဖိစီးမှု (Depression) ဆိုတာ ကျွန်တော့် ကိုယ်မှာ ယူပစ်သလို ပျောက်သွားခဲ့တာ ဗျ။ အလုပ်က သူမတူအောင် ပင်ပန်းတယ် ၊ အလုပ်ကြောင့် စားချိန် သောက်ချိန် အိပ်ချိန်တွေ ဗြောင်းဆန် သွားအောင် Timing တွေ ပြောင်းပြန် ဖြစ်ကုန်တယ်။ ပြောင်းပြန် ဖြစ်ဆို လူတကာ အိပ်မောကျနေတဲ့ အချိန်မှာ ကျွန်တော် အလုပ်ကို သွားရတယ်…။ ကျွန်တော် အလုပ်က ပြန်လာတဲ့ အချိန် ဆိုတာ လူအများစု ကျောင်းသွား ရုံးတက် ဖို့ ရထား ဘူတာ ၊ ဘတ်စ်ကား ဂိတ် အစရှိတာတွေကို အပြေးအလွှား သွားလာနေတဲ့ အချိန်မျိုး ဗျ။
လမ်းပျောက် သွားတဲ့ ပစ်မှတ် (သို့မဟုတ်) ကျွန်တော် ချစ်တဲ့ ဓါတ်ပုံ ပညာ
ဒါပေမယ့် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ရွေးခြယ် ခဲ့တဲ့ လမ်းတစ်ခု ၊ ကျွန်တော် ရဲရဲကြီး ဆက်လျှောက်ဆဲ…။ ဒီ အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော့် ရင်ထဲ မကောင်းတာလေး တစ်ခုပဲ ရှိတယ် ဗျ။ ဘာလဲ ဆိုတော့ ကျွန်တော် မြတ်မြတ်နိုးနိုး ချစ်ရတဲ့ ဓါတ်ပုံရိုက်ခြင်း ဆိုတာကြီးကို လုံးဝ နီးပါး စွန့်လွှတ်ထား ရတာပဲ ဗျ။ ကင်မရာ တစ်လုံး ကိုင်ပြီး ဟိုရိုက် ဒီရိုက် လုပ်ရရင် စိတ်ဘ၀င် ကြည်နူး ပျော်ရွှင် နေတတ်တဲ့ ကျွန်တော့် အတွက်… ကင်မရာကို သူစိမ်း တစ်ယောက်လို သဘောထား ရတဲ့ ဘ၀က အတော်လေးကို နေရ ထိုင်ရ ကြပ်စေပါတယ်။ ကင်မရာက ထွက်တဲ့ Flash အလင်းရောင် တစ်ပွင့်ရဲ့ အောက်မှာ အားလုံး ပြာဖြစ်သွားနိုင်တဲ့ ဓါတု ပစ္စည်းတွေကို နေ့စဉ်နဲ့ အမျှ ထိတွေ့နေရတဲ့ လုပ်ငန်းခွင်မို့ ကင်မရာ ၊ မိုဘိုင်းဖုန်း ဆိုတာတွေဟာ ကျွန်တော်တို့ လုပ်ငန်းခွင်မှာ တင်းကြပ်စွာ တားမြစ်ထားတဲ့ လျှပ်စစ် ပစ္စည်းတွေပါ။ ကင်မရာမန်း မို့လားတော့ မသိဘူး။ အလုပ်နဲ့ ပင်လယ်ထဲ သွားတဲ့ အခါ ကျွန်တော့် မျက်လုံးထဲ ၀င်လာတဲ့ မြင်ကွင်း ရှုခင်း မှန်သမျှက ကျွန်တော့်အတွက် ရိုက်ချက်ကောင်း တွေချည်း ဖြစ်နေတော့တာ။ သားကောင် ရှာတဲ့ မုဆိုး လိုပေါ့။ ကျွန်တော့် အဖြစ်က သားကောင် မြင်လျက် သေနတ် မပါတဲ့ အဖြစ်မျိုး… ဗျ။ နောက်ပြီးတော့ လူဆိုတာမျိုးက မလုပ်ရဘူး လို့ တားမြစ်ထားတဲ့ အချိန်မှာ လုပ်ရတဲ့ အရသာက ဘာနဲ့မှ မတူဘူး။ ကင်မရာ မရိုက်ရဘူး ပြောတဲ့ အချိန်မှာ မြင်မြင်သမျှက ရိုက်ချင်စရာတွေ ဖြစ်နေတယ် ဗျာ။ ကျွန်တော် ခံစားရတာမျိုး ဆိုတာ လူနည်းစုသာ ကိုယ်ချင်းစာ နားလည်နိုင်တဲ့ အစွန်းရောက် ခံစားချက်မျိုး ပါ။ ဓါတ်ပုံကို တော်ရုံ တန်ရုံလောက် သံယောဇဉ် ရှိတဲ့ လူတွေ မခံစားတတ်တဲ့ ခံစားချက်မျိုး ဗျာ။ မနေနိုင်တဲ့ အဆုံး လုပ်ငန်းခွင်ကို သွားတဲ့ Service Boat ပေါ်ကနေ လက်ထဲ ရှိတဲ့ ကျွန်တော့် မိုဘိုင်းဖုန်းနဲ့ ရိုက်ဖြစ်တယ်။ (ကျွန်တော်တို့ Ferry Terminal နဲ့ ပင်လယ်ဝကို အကြိုအပို့ လုပ်တဲ့ Service Boat တွေပေါ်မှာ မိုဘိုင်းဖုန်း သုံးခွင့် ရှိတယ်ဗျ။ Chemical Tanker တွေပေါ် ရောက်သွားမှသာ ဖုန်းကို သုံးခွင့် မရှိတော့တာပါ။) ယုံလားတော့ မသိဘူး ၊ ပင်လယ်ထဲမှာ ကောင်းကင်က ပိုကျယ်တယ် လို့ ခံစားရတယ် ဗျ။ အံ့မခန်းပဲ ဗျာ…။ ရိုက်ချင်တဲ့ ရိုက်ကွင်း ထဲမှာ မလိုချင်တဲ့ အဟန့်အတား ဆိုတာ တစ်ခုမှ မရှိဘူး ဗျာ…။ Every scene is just simply perfect!!! ဘာကိုမှ ရှောင်ကွင်းပြီး ရိုက်စရာ မလိုဘူး ဗျာ။ ဘုရားပေးတဲ့ သဘာဝ တရား ရဲ့ အဓိပ္ပါယ် ဆိုတာ ပင်လယ်ထဲကျမှ ပိုပြီး နက်ရှိုင်း နေသယောင်…။ စင်္ကာပူလို မြို့ပြမျိုးမှာ Sunrise ကို နေအလုံးလိုက် မြင်ရတဲ့ နေရာဆိုတာ လက်ချိုးရေလို့ ရတယ်ဗျ။ ကျွန်တော့် အတွက်တော့ အဲလို ပြည့်ဝ ၀ိုင်းစက်တဲ့ တက်နေ၀န်း ရဲ့ အရုဏ်ဦး ဆိုတာ နေ့စဉ် မိုးသောက် မြင်ရတဲ့ မြင်ကွင်း ဗျ…။ ဘယ်တော့မှ ရိုးအီ မသွားနိုင်တဲ့ မြင်ကွင်းတွေ ပေါ့ဗျာ။
ကျွန်တော့် သူငယ်ချင်းများ
ဘယ်အချိန် အလုပ် ရှိလို့ ၊ ဘယ်အချိန် နားရမယ် ဆိုတာ ကြိုမသိရတဲ့ 24 Hours Standby ဆိုတဲ့ အခြေအနေ တစ်ခုက စိတ်ကို အကျဉ်းချ ခံထားရ သလို ပါပဲ။ သူငယ်ချင်းတွေ နဲ့ ဓါတ်ပုံ ထွက်ရိုက်ဖို့ အကြိမ်ကြိမ် အခါခါ ချိန်းခဲ့တယ်။ အကြိမ်ကြိမ် အခါခါလဲ လွဲခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်သာလျှင် မောင်ကျန်ရစ် ဖြစ်စမြဲ။ ကိုကျော်ဇင်မျိုး (K Z Myo Photography) ၊ ၀ဏ္ဏဆွေ (Legend Photography) ၊ ကိုငြိမ်းချမ်းထွေး ၊ ကိုအောင်ပြည်စိုး (Beginner Photography) ၊ ကိုထွန်းလင်းစိုး (Rain Stealer Photography) စတဲ့ ညီနောင်တွေကို မကြာခဏ ဆိုသလို မျက်နှာပျက် ရတဲ့ ကျွန်တော့် ဘ၀ပါ။ တစ်ခါတစ်ခါ ဆိုရင် ဓါတ်ပုံ ရိုက်မယ့် ရိုက်ကွင်းကို ရောက်ခါမှ ရုံးက ဖုန်းလာလို့ အိမ်ပြန်ပြေး ရတဲ့ အဖြစ်မျိုးတောင် ဖြစ်ဖူးတယ် ဗျ။
အိမ်လွမ်းတဲ့ ကျွန်တော်
ကျွန်တော် ငယ်ငယ်လေး ကတည်းက မိသားစု ကို အင်မတန် ခင်တွယ် တတ်တာပါ။ အဓိက ကျတာက ကျွန်တော့် အဖေ ပေါ့။ ကျွန်တော့် ဘ၀ကို အလွှမ်းမိုး နိုင်ဆုံး တစ်ဦးတည်းသော သူက “အဖေ” ပါ။ ကျွန်တော် မိဘတွေကို အရမ်း တွယ်တာပါတယ်။ ဒီနေရာမှာ “အိမ်” ဆိုတာ ကျွန်တော် နေထိုင် အိပ်စက်ရာ အမေ့အိမ် တစ်ခုတည်း မဟုတ်ဘူး ဗျ။ ကျွန်တော် ပြောချင်တဲ့ “အိမ်” ဆိုတဲ့ ဝေါဟာရက အမေ့အိမ် ရော ၊ ကျွန်တော် ချစ်တဲ့ အမိ မြန်မာပြည် ရောကို ဆိုလိုတာပါ။ ဟုတ်ပါတယ်။ ကျွန်တော့်ကို ဘယ်အချိန် လာမေးမေး ၊ အကြိုက်ဆုံး ဓါတ်ပုံ ရိုက်ကွင်းက “မြန်မာပြည်” ပါ။ ဘယ်သွားသွား ရှုမညီး နိုင်တဲ့ သာသနာ့ ရောင်စဉ်တန်းတွေ ၊ ဘုရား ပုထိုးတွေ ၊ ဘုန်းတော်ကြီး ကျောင်းတွေ ၊ စိမ်းလန်းတဲ့ စိုက်ကွင်းတွေ ၊ ရုန်းကန်နေတဲ့ လူတွေရဲ့ အဆောင်အယောင် ကင်းမဲ့တဲ့ တစ်နေ့တာ သဘာဝ တရားတွေ… အများကြီးပဲဗျာ။ ကျွန်တော် ပြန်ချင်တယ် ၊ လွမ်းတယ် ၊ တမ်းတတယ် ဗျာ…။ ကျွန်တော် အိမ်ပြန်ပြီး ဓါတ်ပုံတွေ အများကြီး ရိုက်ချင်တယ်။ ဘယ်တော့ များမှ ပြန်ဆုံခွင့် ရမှာလဲ မသိလို့… ကျွန်တော် ချစ်တဲ့ “အမိမြေ” ဆိုတာကို လွမ်းမော ရေရွတ် နေရင်းနဲ့…။
YE LWIN OO (MPS)
31 JULY 2010


