အခုလာမယ့် ၂၀၀၉ အောက်တိုဘာလ ၂၆ ရက် ဆိုရင် ကျွန်တော် ဘလော့ဂ်ရေးတာ တစ်နှစ် တိတိ ပြည့်ပါပြီ ခင်ဗျား။ YELWINOO.COM ရဲ့ တစ်နှစ်ပြည့် မွေးနေ့ လို့လဲ ပြောလို့ရတယ်။ မှတ်မှတ် ရရ ကျွန်တော် ပထမဆုံး တင်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးက NOVICES ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပါ။ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး အစီအစဉ် နဲ့ ဧရာဝတီတိုင်း ၊ ဖျာပုံ ခရိုင် ၊ ဖျာပုံ မြို့နယ် ၊ လေးအိမ်တန်း ကျေးရွာကို ရောက်ခဲ့စဉ်က ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကိုရင်လေး နှစ်ပါးကို အမှတ်မထင် ရိုက်ခဲ့တဲ့ ပုံလေးပါ။ မတောက်တစ်ခေါက် ရိုက်ထားတဲ့ ပုံလေးတွေနဲ့ ညီငယ်လေး မျိုးကျော်ထွန်း ရဲ့ တိုက်တွန်းမှု ၊ ကျွန်တော့် အဖေ ရဲ့ အားပေးမှု တွေက ကျွန်တော် ဒီနေ့ ဒီအချိန် အထိ ပုံတွေ ဆက်တိုက်တင် ဖို့အတွက် အဓိက တွန်းအား ဖြစ်ခဲ့တာပါ။ သွားရင်းလာရင်းနဲ့ တွေ့လို့ ရိုက်ထားတာလေးတွေ ရှိသလို ၊ ဘလော့ဂ်မှာ တင်ဖို့ဆိုပြီး တသီးတသန့် ထွက်ရိုက်ခဲ့တာတွေလည်း တစ်ပုံတစ်ပင် ရယ်ပါ။ တစ်နှစ် ဆိုတဲ့ ကာလ တစ်ခုမှာ ကျွန်တော့်ကို အမြဲတစေ အားပေး ကူညီ ခဲ့တဲ့ သူငယ်ချင်း ၊ အပေါင်းအသင်းတွေ ရှိသလို ဘယ်ကမှန်းမသိ ၊ ဘလော့ဂ်ကို လာပြီး အောက်တန်းကျတဲ့ ကွန်မန်းတွေ လာရေးသူတွေလဲ ရှိပါတယ်။ အဲဒီ ဘလော့ဂ် လုပ်ရတဲ့ ရည်ရွယ်ချက် ၊ ကျွန်တော့်ရဲ့ ခံယူချက် ၊ ကျွန်တော် ရင်းနှီး ခဲ့တဲ့ အချိန် ၊ ငွေ စတာတွေက နဲနဲနောနော မဟုတ်ပါဘူး။ ဘာမဟုတ်တဲ့ ၂ ကြောင်းလောက် ရှိတဲ့ ဒီ အောက်တန်းစား ကွန်မန်း တွေကို အရေးလုပ်လို့ ကျွန်တော့် ဘလော့ဂ်ကို ကျွန်တော် ဖျက်သိမ်းဖို့တော့ အစီအစဉ် မရှိတာ အမှန်ပါ။ ဒီလိုပြောလို့ ကျွန်တော် ဘလော့ဂ်မှာ ချီးကျူးတဲ့ ကွန်မန်းတွေ သာရေးရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ယူနေဆဲ ဓါတ်ပုံသမား တစ်ယောက် ပီပီ ကျွန်တော့်ကို Technical, Shooting, Camera Setting, Lighting, Angle အစ ရှိတဲ့ Fault တွေကို ထောက်ပြနိုင်တဲ့ ကွန်မန်းမျိုးကို ကျွန်တော် အမြဲ တစေ ကြိုဆို လျက်ပါ။ ကိုမောင်လှ ၊ မျိုးကျော်ထွန်း ၊ ကိုမျိုးဟန်ထွန်း ၊ ကိုဂျေ ၊ ညီမင်းစံ ၊ နိုင်နိုင်ထွန်း (Exposure) နဲ့ ကိုထွန်းလင်းစိုး (Rain Stealer) အစ ရှိတဲ့ ညီနောင်တွေ က ကျွန်တော့် ပုံတွေကို Technical Point of View ကနေ အမြဲ အကြံပြု ဝေဖန် နေခဲ့တာပါ။ သူတို့ တွေကိုလည်း အရမ်းကို ကျေးဇူး တင်ပါတယ်။ အဲဒီလို ကွန်မန်းတွေသာ မရခဲ့ဘူး ဆိုရင် ကျွန်တော် ဒီနေ့ ၊ ဒီအချိန် ရိုက်နေတဲ့ ဓါတ်ပုံမျိုးတွေ ဆိုတာ ဘယ်နား နေမှန်းတောင် သိမှာ မဟုတ်ပါဘူး။
နောက်ပြီး ကျွန်တော့်လို တက်သစ်စ မြန်မာ Blogger တစ်ယောက် အတွက် သိသင့် သိထိုက်တဲ့ Do’s & Dont’s တွေကို အမြဲတစေ သွန်သင် လမ်းပြပေးတတ်တဲ့ ကိုနန္ဒလင်းအောင် ၊ မယ်လိုဒီမောင် ၊ ကိုချမ်းမြစိုး နဲ့ ကျွန်တော်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း မင်းသူ တို့ကိုလဲ အထူးပဲ ကျေးဇူးတင်ပါကြောင်း။ ကျွန်တော့်ရဲ့ Blog Post တွေတိုင်းကို စိတ်ရှည် လက်ရှည် ကွန်မန်းတွေ ပေးတတ်တဲ့ ၊ ကျွန်တော့် Narration တွေကို အမြဲတစေ Proofread လုပ်ပေးတတ်တဲ့ ခပ်ချောချောလှလှ ညီမလေး ပုံကြီး ကိုလဲ ကျေးဇူး ပါလို့။
သွားရင်း လာရင်း တွေ့မြင်တာတွေကို ရိုက်မယ် ၊ ရိုက်ထားတဲ့ ပုံတွေ တင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ ဘလော့ဂ်လေးကို အစချီခဲ့တာပါ။ ကြုံကြိုက်လာလို့ မသိုးသင်္ကန်းပွဲ ၊ ကျီးမနိုးပွဲ ၊ မြန်မာ့ရိုးရာ ရှင်လောင်းလှည့်ပွဲ အစ ရှိတာတွေကို ဘလော့ဂ်မှာတင်တော့ မထင်မှတ်ပဲ Visitor Traffic က သိသိသာသာ တက်လာခဲ့တယ်။ ကျွန်တော်က ဓါတ်ပုံတွေ နဲ့အတူ သမိုင်းကြောင်း အထောက်အထား ၊ ရိုးရာ အစဉ်အလာ ၊ ယုံကြည်ကိုးကွယ် မှုတွေကို Narration လေးတွေ ရေးပေးဖြစ်တော့ လူတွေက ပိုစိတ်ဝင်စားကြတယ်။ အဲဒီ နောက်ပိုင်း ကျွန်တော့် ဘလော့ဂ် ရဲ့ ရည်ရွယ်ချက်က နည်းနည်းလေး Particular ဖြစ်လာတယ်။ Website တွေရဲ့ Page Rank တွေ အကြောင်းကို နားလည်တဲ့ ကိုနန္ဒလင်းအောင် နဲ့ ညီငယ်လေး မျိုးကျော်ထွန်း က ဘလော့ဂ် တစ်ခုမှာ Content ရဲ့ အရေးပါပုံကို စိတ်ရှည် လက်ရှည် ရှင်းပြလေတော့ နောက်ပိုင်းမှာ post တစ်ခု တင်မယ် ဆိုတိုင်း ပိုလို့ အချိန်ယူကာ အားစိုက်ထုတ် ရပါတော့တယ်။ ဓါတ်ပုံတွေ ပြင်ဆင် ရတာထက်ကို အဲဒီ ပုံတွေအတွက် တိကျပြီး ယုံကြည်ရတဲ့ Reliable Information တွေကို Data Mining လုပ်ဖို့ လိုလာပါတယ်။ မှားယွင်းတဲ့ အချက်အလက် တွေကို ဖော်ပြမိမှာ စိုးလို့ပါ။ ကျွန်တော် Online မှာ ရှာတာတွေ ရှိသလို ၊ ရိုးရာ ၊ သမိုင်းကြောင်း ၊ ဘုရား ၊ စေတီ နဲ့ ပတ်သက်တဲ့ စာအုပ်တွေလဲ အများကြီး ၀ယ်ယူ စုဆောင်းခဲ့တာပါ။ ပုဂံ ခရီးစဉ် အပြီး ပုဂံ ဘုရားတွေ အကြောင်း ရေးတော့ အဖေ က စာအုပ်တွေ တပုံတပင် ၀ယ်ပေးခဲ့တယ်။ ရှေးဟောင်းသုတေသနဌာန က ထုတ်ဝေထားတဲ့ စာအုပ်တွေ ရှိသလို ခုခေတ် ခရီးသွား ပညာရှင်တွေရဲ့ စာအုပ်တွေလဲ ပါတယ် ခင်ဗျ။ သို့ပေသောကြောင့် အရင်ကလို post တွေကို တစ်ပတ် ၂ ကြိမ် ပုံမှန် မတင်နိုင်တော့ ပါဘူး။ Post တစ်ခု အတွက် စာရေး ရတယ် ၊ ပြန်ဖတ် ရတယ် ၊ ပုံတွေ ပြန်ကြည့်တယ် ၊ ရွေးတယ် ၊ ပြင်တယ် ဆိုရင်ပဲ ကျွန်တော် ရင်းနှီးရတဲ့ အချိန်က နည်းနည်းနောနော မဟုတ်ပါဘူး။
ကျွန်တော့်ကို ဒီကနေ့ အထိ လူရယ်လို့ ဖြစ်လာအောင် ပြုစုပြိုးထောင်ပေးခဲ့တဲ့ ကျွန်တော့် ဖခင် နဲ့ ကျွန်တော့်ကို ဓါတ်ပုံ ပညာသင်ပေးတဲ့ လက်ဦးဆရာ ကိုဂျေ (သခင်ကြီး – မန္တလေး) အား ဒီ post လေးနဲ့ ဂါရ၀ ပြု ကန်တော့လိုက်ပါတယ်။