YE LWIN OO . COM » Notes

JULY RECORDS
ကျွန်တော် နဲ့ စင်္ကာပူ

အခုဆို ကျွန်တော် စင်္ကာပူ ရောက်တာ တစ်နှစ် ကျော်ခဲ့ပြီ ဗျာ…။ အတိအကျ ဆိုရင်တော့ ၂၀၀၉ ဇူလိုင်လ ၄ ရက်နေ့ မှာ ကျွန်တော် ချစ်တဲ့ မြန်မာပြည်ကို ကျွန်တော် ကျောခိုင်း ခဲ့တာဗျ။ စင်္ကာပူကို ရောက်စ ကတည်းက ရရာ အလုပ်နဲ့ ရုန်းကန်ပြီး အသက်ဆက် ခဲ့တာ ၂၀၁၀ ဧပြီလ အထိ ဆိုပါတော့ဗျာ။ ကျွန်တော့် တစ်ကိုယ်ရေ အတွက် တောင်မှ မလောက်င နိုင်တဲ့ ၀င်ငွေမျိုးနဲ့ ကျွန်တော် ကျိတ်မှိတ် ရုန်းကန် ခဲ့တာပါ။ ကျွန်တော့်ရဲ့ ခံယူချက် ကိုယ်တိုင်က “Once it’s in my dictionary, there is no turning back” ဆိုတာ ပါပဲ။ ကျွန်တော် လက်လျှော့ပြီး ရန်ကုန် ပြန်သွားခဲ့ရင် ကျွန်တော့်ကို ကြည့်မယ့် အထင်သေးတဲ့ မျက်လုံး အစုံပေါင်းက ထောင်ချီတယ် ဗျ။ အဲဒီ အနှုတ်လက္ခဏာ ဆောင်တဲ့ မျက်လုံးတွေ ကြားထဲ ပြန်သွားမယ့် အတူတူ ဒီမှာပဲ အပင်ပန်း ခံမယ် ဆိုတဲ့ စိတ်နဲ့ ရရာ အလုပ်ကို ဖက်တွယ် ရုန်းကန်ရင်း အလုပ်သစ်ကို  မျှော်လင့် ရှာဖွေ နေခဲ့တာ… ၉လ လုံးလုံး ဆိုပါတော့ ဗျာ။  မှတ်မှတ်ရရ ၂၀၁၀ မေလ ၄ ရက် ဗျ။ ကျွန်တော် အလိုချင်ဆုံး ၊ ကျွန်တော် အမျှော်လင့်ဆုံး အလုပ်ကို ကျွန်တော် ရခဲ့တယ်။ ကျွန်တော် အတိုင်းမသိ ရင်ခုန် ပျော်ရွှင် ခဲ့ရတဲ့ နေ့ပေါ့ဗျာ…။ ကျွန်တော့် ဘ၀ရဲ့ အရေးပါတဲ့ တစ်ဆစ်ချိုး လို့တောင် ပြောရမလား ပဲ။

ကျွန်တော် နဲ့ အလုပ်

ကျွန်တော် အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီမျိုး ၊ လိုချင်တဲ့ Status မျိုး ၊ လစာမျိုး နဲ့ ရလာတဲ့ အလုပ်တစ်ခုကို ကျွန်တော် ၀မ်းသာအားရပဲ ကြိုဆို လက်ခံ ခဲ့တာပါ။ ကျွန်တော် ဒီအလုပ်ကို လက်ခံဖို့ရာ ၂ ကြိမ်တောင် ပြန်မစဉ်းစား ခဲ့ဘူးဗျ။ အင်မတန် အန္တရာယ်များပြီး ပေါက်ကွဲ လွယ်တဲ့ ဓါတု အဆိပ်ငွေ့ တွေကြား လုပ်ရတဲ့ အလုပ် ဆိုပေသိ ကိုယ်ပင်ပန်းတဲ့ အထိုက်အလျောက် အသိအမှတ် ပြုခံရပြီး အကျိုး ခံစားခွင့် ရမယ့် အလုပ်မို့ ကျွန်တော် စိတ်သန့်သန့် နဲ့ပဲ လက်ကမ်းလို့ ဆီးကြို ခဲ့တယ် ဗျာ။ အဲလိုနဲ့ ဒီအလုပ်ကို ဒီကနေ့ ဒီအချိန် အထိလဲ ကျွန်တော် စိတ်ပါ လက်ပါ နဲ့ လုပ်ကိုင်ဆဲ ပါပဲ။ အမှန်ပြောရရင် ဒီ အလုပ်ရပြီး ကတည်းက အရင် ရှိခဲ့တဲ့ စိတ်ဖိစီးမှု (Depression) ဆိုတာ ကျွန်တော့် ကိုယ်မှာ ယူပစ်သလို ပျောက်သွားခဲ့တာ ဗျ။ အလုပ်က သူမတူအောင် ပင်ပန်းတယ် ၊ အလုပ်ကြောင့် စားချိန် သောက်ချိန် အိပ်ချိန်တွေ ဗြောင်းဆန် သွားအောင် Timing တွေ ပြောင်းပြန် ဖြစ်ကုန်တယ်။ ပြောင်းပြန် ဖြစ်ဆို လူတကာ အိပ်မောကျနေတဲ့ အချိန်မှာ ကျွန်တော် အလုပ်ကို သွားရတယ်…။ ကျွန်တော် အလုပ်က ပြန်လာတဲ့ အချိန် ဆိုတာ လူအများစု ကျောင်းသွား ရုံးတက် ဖို့ ရထား ဘူတာ ၊ ဘတ်စ်ကား ဂိတ် အစရှိတာတွေကို အပြေးအလွှား သွားလာနေတဲ့ အချိန်မျိုး ဗျ။

လမ်းပျောက် သွားတဲ့ ပစ်မှတ် (သို့မဟုတ်) ကျွန်တော် ချစ်တဲ့ ဓါတ်ပုံ ပညာ

ဒါပေမယ့် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ရွေးခြယ် ခဲ့တဲ့ လမ်းတစ်ခု ၊ ကျွန်တော် ရဲရဲကြီး ဆက်လျှောက်ဆဲ…။ ဒီ အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော့် ရင်ထဲ မကောင်းတာလေး တစ်ခုပဲ ရှိတယ် ဗျ။ ဘာလဲ ဆိုတော့ ကျွန်တော် မြတ်မြတ်နိုးနိုး ချစ်ရတဲ့ ဓါတ်ပုံရိုက်ခြင်း ဆိုတာကြီးကို လုံးဝ နီးပါး စွန့်လွှတ်ထား ရတာပဲ ဗျ။ ကင်မရာ တစ်လုံး ကိုင်ပြီး ဟိုရိုက် ဒီရိုက် လုပ်ရရင် စိတ်ဘ၀င် ကြည်နူး ပျော်ရွှင် နေတတ်တဲ့ ကျွန်တော့် အတွက်… ကင်မရာကို သူစိမ်း တစ်ယောက်လို သဘောထား ရတဲ့ ဘ၀က အတော်လေးကို နေရ ထိုင်ရ ကြပ်စေပါတယ်။ ကင်မရာက ထွက်တဲ့ Flash အလင်းရောင် တစ်ပွင့်ရဲ့ အောက်မှာ အားလုံး ပြာဖြစ်သွားနိုင်တဲ့ ဓါတု ပစ္စည်းတွေကို နေ့စဉ်နဲ့ အမျှ ထိတွေ့နေရတဲ့ လုပ်ငန်းခွင်မို့ ကင်မရာ ၊ မိုဘိုင်းဖုန်း ဆိုတာတွေဟာ ကျွန်တော်တို့ လုပ်ငန်းခွင်မှာ တင်းကြပ်စွာ တားမြစ်ထားတဲ့ လျှပ်စစ် ပစ္စည်းတွေပါ။ ကင်မရာမန်း မို့လားတော့ မသိဘူး။ အလုပ်နဲ့ ပင်လယ်ထဲ သွားတဲ့ အခါ ကျွန်တော့် မျက်လုံးထဲ ၀င်လာတဲ့ မြင်ကွင်း ရှုခင်း မှန်သမျှက ကျွန်တော့်အတွက် ရိုက်ချက်ကောင်း တွေချည်း ဖြစ်နေတော့တာ။ သားကောင် ရှာတဲ့ မုဆိုး လိုပေါ့။ ကျွန်တော့် အဖြစ်က သားကောင် မြင်လျက် သေနတ် မပါတဲ့ အဖြစ်မျိုး… ဗျ။ နောက်ပြီးတော့ လူဆိုတာမျိုးက မလုပ်ရဘူး လို့ တားမြစ်ထားတဲ့ အချိန်မှာ လုပ်ရတဲ့ အရသာက ဘာနဲ့မှ မတူဘူး။ ကင်မရာ မရိုက်ရဘူး ပြောတဲ့ အချိန်မှာ မြင်မြင်သမျှက ရိုက်ချင်စရာတွေ ဖြစ်နေတယ် ဗျာ။ ကျွန်တော် ခံစားရတာမျိုး ဆိုတာ လူနည်းစုသာ ကိုယ်ချင်းစာ နားလည်နိုင်တဲ့ အစွန်းရောက် ခံစားချက်မျိုး ပါ။ ဓါတ်ပုံကို တော်ရုံ တန်ရုံလောက် သံယောဇဉ် ရှိတဲ့ လူတွေ မခံစားတတ်တဲ့ ခံစားချက်မျိုး ဗျာ။ မနေနိုင်တဲ့ အဆုံး လုပ်ငန်းခွင်ကို သွားတဲ့ Service Boat ပေါ်ကနေ လက်ထဲ ရှိတဲ့ ကျွန်တော့် မိုဘိုင်းဖုန်းနဲ့ ရိုက်ဖြစ်တယ်။ (ကျွန်တော်တို့ Ferry Terminal နဲ့ ပင်လယ်ဝကို  အကြိုအပို့ လုပ်တဲ့ Service Boat တွေပေါ်မှာ မိုဘိုင်းဖုန်း သုံးခွင့် ရှိတယ်ဗျ။ Chemical Tanker တွေပေါ် ရောက်သွားမှသာ ဖုန်းကို သုံးခွင့် မရှိတော့တာပါ။) ယုံလားတော့ မသိဘူး ၊ ပင်လယ်ထဲမှာ ကောင်းကင်က ပိုကျယ်တယ် လို့ ခံစားရတယ် ဗျ။ အံ့မခန်းပဲ ဗျာ…။ ရိုက်ချင်တဲ့ ရိုက်ကွင်း ထဲမှာ မလိုချင်တဲ့ အဟန့်အတား ဆိုတာ တစ်ခုမှ မရှိဘူး ဗျာ…။ Every scene is just simply perfect!!! ဘာကိုမှ ရှောင်ကွင်းပြီး ရိုက်စရာ မလိုဘူး ဗျာ။ ဘုရားပေးတဲ့ သဘာဝ တရား ရဲ့ အဓိပ္ပါယ် ဆိုတာ ပင်လယ်ထဲကျမှ ပိုပြီး နက်ရှိုင်း နေသယောင်…။ စင်္ကာပူလို မြို့ပြမျိုးမှာ Sunrise ကို နေအလုံးလိုက် မြင်ရတဲ့ နေရာဆိုတာ လက်ချိုးရေလို့ ရတယ်ဗျ။ ကျွန်တော့် အတွက်တော့ အဲလို ပြည့်ဝ ၀ိုင်းစက်တဲ့ တက်နေ၀န်း ရဲ့ အရုဏ်ဦး ဆိုတာ နေ့စဉ် မိုးသောက် မြင်ရတဲ့ မြင်ကွင်း ဗျ…။ ဘယ်တော့မှ ရိုးအီ မသွားနိုင်တဲ့ မြင်ကွင်းတွေ ပေါ့ဗျာ။

ကျွန်တော့် သူငယ်ချင်းများ

ဘယ်အချိန် အလုပ် ရှိလို့ ၊ ဘယ်အချိန် နားရမယ် ဆိုတာ ကြိုမသိရတဲ့ 24 Hours Standby ဆိုတဲ့ အခြေအနေ တစ်ခုက စိတ်ကို အကျဉ်းချ ခံထားရ သလို ပါပဲ။ သူငယ်ချင်းတွေ နဲ့ ဓါတ်ပုံ ထွက်ရိုက်ဖို့ အကြိမ်ကြိမ် အခါခါ ချိန်းခဲ့တယ်။ အကြိမ်ကြိမ် အခါခါလဲ လွဲခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်သာလျှင် မောင်ကျန်ရစ် ဖြစ်စမြဲ။ ကိုကျော်ဇင်မျိုး (K Z Myo Photography) ၊ ၀ဏ္ဏဆွေ (Legend Photography) ၊ ကိုငြိမ်းချမ်းထွေး ၊ ကိုအောင်ပြည်စိုး (Beginner Photography) ၊ ကိုထွန်းလင်းစိုး (Rain Stealer Photography) စတဲ့ ညီနောင်တွေကို မကြာခဏ ဆိုသလို မျက်နှာပျက် ရတဲ့ ကျွန်တော့် ဘ၀ပါ။ တစ်ခါတစ်ခါ ဆိုရင် ဓါတ်ပုံ ရိုက်မယ့် ရိုက်ကွင်းကို ရောက်ခါမှ ရုံးက ဖုန်းလာလို့ အိမ်ပြန်ပြေး ရတဲ့ အဖြစ်မျိုးတောင် ဖြစ်ဖူးတယ် ဗျ။

အိမ်လွမ်းတဲ့ ကျွန်တော်

ကျွန်တော် ငယ်ငယ်လေး ကတည်းက မိသားစု ကို အင်မတန် ခင်တွယ် တတ်တာပါ။ အဓိက ကျတာက ကျွန်တော့် အဖေ ပေါ့။ ကျွန်တော့် ဘ၀ကို အလွှမ်းမိုး နိုင်ဆုံး တစ်ဦးတည်းသော သူက “အဖေ” ပါ။ ကျွန်တော် မိဘတွေကို အရမ်း တွယ်တာပါတယ်။ ဒီနေရာမှာ “အိမ်” ဆိုတာ ကျွန်တော် နေထိုင် အိပ်စက်ရာ အမေ့အိမ် တစ်ခုတည်း မဟုတ်ဘူး ဗျ။ ကျွန်တော် ပြောချင်တဲ့ “အိမ်” ဆိုတဲ့ ဝေါဟာရက အမေ့အိမ် ရော ၊ ကျွန်တော် ချစ်တဲ့ အမိ မြန်မာပြည် ရောကို ဆိုလိုတာပါ။ ဟုတ်ပါတယ်။ ကျွန်တော့်ကို ဘယ်အချိန် လာမေးမေး ၊ အကြိုက်ဆုံး ဓါတ်ပုံ ရိုက်ကွင်းက “မြန်မာပြည်” ပါ။ ဘယ်သွားသွား ရှုမညီး နိုင်တဲ့ သာသနာ့ ရောင်စဉ်တန်းတွေ ၊ ဘုရား ပုထိုးတွေ ၊ ဘုန်းတော်ကြီး ကျောင်းတွေ ၊ စိမ်းလန်းတဲ့ စိုက်ကွင်းတွေ ၊ ရုန်းကန်နေတဲ့ လူတွေရဲ့ အဆောင်အယောင် ကင်းမဲ့တဲ့ တစ်နေ့တာ သဘာဝ တရားတွေ… အများကြီးပဲဗျာ။ ကျွန်တော် ပြန်ချင်တယ် ၊ လွမ်းတယ် ၊ တမ်းတတယ် ဗျာ…။ ကျွန်တော် အိမ်ပြန်ပြီး ဓါတ်ပုံတွေ အများကြီး ရိုက်ချင်တယ်။ ဘယ်တော့ များမှ ပြန်ဆုံခွင့် ရမှာလဲ မသိလို့… ကျွန်တော် ချစ်တဲ့ “အမိမြေ” ဆိုတာကို လွမ်းမော ရေရွတ် နေရင်းနဲ့…။

YE LWIN OO (MPS)

31 JULY 2010

HAPPY FIRST ANNIVERSARY
ကျွန်တော့် ဘလော့ဂ်

အခုလာမယ့် ၂၀၀၉ အောက်တိုဘာလ ၂၆ ရက် ဆိုရင် ကျွန်တော် ဘလော့ဂ်ရေးတာ တစ်နှစ် တိတိ ပြည့်ပါပြီ ခင်ဗျား။ YELWINOO.COM ရဲ့ တစ်နှစ်ပြည့် မွေးနေ့ လို့လဲ ပြောလို့ရတယ်။ မှတ်မှတ် ရရ ကျွန်တော် ပထမဆုံး တင်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးက NOVICES ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပါ။ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး အစီအစဉ် နဲ့ ဧရာဝတီတိုင်း ၊ ဖျာပုံ ခရိုင် ၊ ဖျာပုံ မြို့နယ် ၊ လေးအိမ်တန်း ကျေးရွာကို ရောက်ခဲ့စဉ်က ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကိုရင်လေး နှစ်ပါးကို အမှတ်မထင် ရိုက်ခဲ့တဲ့ ပုံလေးပါ။ မတောက်တစ်ခေါက် ရိုက်ထားတဲ့ ပုံလေးတွေနဲ့ ညီငယ်လေး မျိုးကျော်ထွန်း ရဲ့ တိုက်တွန်းမှု ၊ ကျွန်တော့် အဖေ ရဲ့ အားပေးမှု တွေက ကျွန်တော် ဒီနေ့ ဒီအချိန် အထိ ပုံတွေ ဆက်တိုက်တင် ဖို့အတွက် အဓိက တွန်းအား ဖြစ်ခဲ့တာပါ။ သွားရင်းလာရင်းနဲ့ တွေ့လို့ ရိုက်ထားတာလေးတွေ ရှိသလို ၊ ဘလော့ဂ်မှာ တင်ဖို့ဆိုပြီး တသီးတသန့် ထွက်ရိုက်ခဲ့တာတွေလည်း တစ်ပုံတစ်ပင် ရယ်ပါ။ တစ်နှစ် ဆိုတဲ့ ကာလ တစ်ခုမှာ ကျွန်တော့်ကို အမြဲတစေ အားပေး ကူညီ ခဲ့တဲ့ သူငယ်ချင်း ၊ အပေါင်းအသင်းတွေ ရှိသလို ဘယ်ကမှန်းမသိ ၊ ဘလော့ဂ်ကို လာပြီး အောက်တန်းကျတဲ့ ကွန်မန်းတွေ လာရေးသူတွေလဲ ရှိပါတယ်။ အဲဒီ ဘလော့ဂ် လုပ်ရတဲ့ ရည်ရွယ်ချက် ၊ ကျွန်တော့်ရဲ့ ခံယူချက် ၊ ကျွန်တော် ရင်းနှီး ခဲ့တဲ့ အချိန် ၊ ငွေ စတာတွေက နဲနဲနောနော မဟုတ်ပါဘူး။ ဘာမဟုတ်တဲ့ ၂ ကြောင်းလောက် ရှိတဲ့ ဒီ အောက်တန်းစား ကွန်မန်း တွေကို အရေးလုပ်လို့ ကျွန်တော့် ဘလော့ဂ်ကို ကျွန်တော် ဖျက်သိမ်းဖို့တော့ အစီအစဉ် မရှိတာ အမှန်ပါ။ ဒီလိုပြောလို့ ကျွန်တော် ဘလော့ဂ်မှာ ချီးကျူးတဲ့ ကွန်မန်းတွေ သာရေးရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ယူနေဆဲ ဓါတ်ပုံသမား တစ်ယောက် ပီပီ ကျွန်တော့်ကို Technical, Shooting, Camera Setting, Lighting, Angle အစ ရှိတဲ့ Fault တွေကို ထောက်ပြနိုင်တဲ့ ကွန်မန်းမျိုးကို ကျွန်တော် အမြဲ တစေ ကြိုဆို လျက်ပါ။ ကိုမောင်လှ ၊ မျိုးကျော်ထွန်း ၊ ကိုမျိုးဟန်ထွန်း ၊ ကိုဂျေ ၊ ညီမင်းစံ ၊ နိုင်နိုင်ထွန်း (Exposure) နဲ့ ကိုထွန်းလင်းစိုး (Rain Stealer) အစ ရှိတဲ့ ညီနောင်တွေ က ကျွန်တော့် ပုံတွေကို Technical Point of View ကနေ အမြဲ အကြံပြု ဝေဖန် နေခဲ့တာပါ။ သူတို့ တွေကိုလည်း အရမ်းကို ကျေးဇူး တင်ပါတယ်။ အဲဒီလို ကွန်မန်းတွေသာ မရခဲ့ဘူး ဆိုရင် ကျွန်တော် ဒီနေ့ ၊ ဒီအချိန် ရိုက်နေတဲ့ ဓါတ်ပုံမျိုးတွေ ဆိုတာ ဘယ်နား နေမှန်းတောင် သိမှာ မဟုတ်ပါဘူး။

နောက်ပြီး ကျွန်တော့်လို တက်သစ်စ မြန်မာ Blogger တစ်ယောက် အတွက် သိသင့် သိထိုက်တဲ့ Do’s & Dont’s တွေကို အမြဲတစေ သွန်သင် လမ်းပြပေးတတ်တဲ့ ကိုနန္ဒလင်းအောင် ၊ မယ်လိုဒီမောင် ၊ ကိုချမ်းမြစိုး နဲ့ ကျွန်တော်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း မင်းသူ တို့ကိုလဲ အထူးပဲ ကျေးဇူးတင်ပါကြောင်း။ ကျွန်တော့်ရဲ့ Blog Post တွေတိုင်းကို စိတ်ရှည် လက်ရှည် ကွန်မန်းတွေ ပေးတတ်တဲ့ ၊ ကျွန်တော့် Narration တွေကို အမြဲတစေ Proofread လုပ်ပေးတတ်တဲ့ ခပ်ချောချောလှလှ ညီမလေး ပုံကြီး ကိုလဲ ကျေးဇူး ပါလို့။

အချိန်နဲ့ တပြေးညီ ပြောင်းလဲမှု

သွားရင်း လာရင်း တွေ့မြင်တာတွေကို ရိုက်မယ် ၊ ရိုက်ထားတဲ့ ပုံတွေ တင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ ဘလော့ဂ်လေးကို အစချီခဲ့တာပါ။ ကြုံကြိုက်လာလို့ မသိုးသင်္ကန်းပွဲ ၊ ကျီးမနိုးပွဲ ၊ မြန်မာ့ရိုးရာ ရှင်လောင်းလှည့်ပွဲ အစ ရှိတာတွေကို ဘလော့ဂ်မှာတင်တော့ မထင်မှတ်ပဲ Visitor Traffic က သိသိသာသာ တက်လာခဲ့တယ်။ ကျွန်တော်က ဓါတ်ပုံတွေ နဲ့အတူ သမိုင်းကြောင်း အထောက်အထား ၊ ရိုးရာ အစဉ်အလာ ၊ ယုံကြည်ကိုးကွယ် မှုတွေကို Narration လေးတွေ ရေးပေးဖြစ်တော့ လူတွေက ပိုစိတ်ဝင်စားကြတယ်။ အဲဒီ နောက်ပိုင်း ကျွန်တော့် ဘလော့ဂ် ရဲ့ ရည်ရွယ်ချက်က နည်းနည်းလေး Particular ဖြစ်လာတယ်။ Website တွေရဲ့ Page Rank တွေ အကြောင်းကို နားလည်တဲ့ ကိုနန္ဒလင်းအောင် နဲ့ ညီငယ်လေး မျိုးကျော်ထွန်း က ဘလော့ဂ် တစ်ခုမှာ Content ရဲ့ အရေးပါပုံကို စိတ်ရှည် လက်ရှည် ရှင်းပြလေတော့ နောက်ပိုင်းမှာ post တစ်ခု တင်မယ် ဆိုတိုင်း ပိုလို့ အချိန်ယူကာ အားစိုက်ထုတ် ရပါတော့တယ်။ ဓါတ်ပုံတွေ ပြင်ဆင် ရတာထက်ကို အဲဒီ ပုံတွေအတွက် တိကျပြီး ယုံကြည်ရတဲ့ Reliable Information တွေကို Data Mining လုပ်ဖို့ လိုလာပါတယ်။ မှားယွင်းတဲ့ အချက်အလက် တွေကို ဖော်ပြမိမှာ စိုးလို့ပါ။ ကျွန်တော် Online မှာ ရှာတာတွေ ရှိသလို ၊ ရိုးရာ ၊ သမိုင်းကြောင်း ၊ ဘုရား ၊ စေတီ နဲ့ ပတ်သက်တဲ့ စာအုပ်တွေလဲ အများကြီး ၀ယ်ယူ စုဆောင်းခဲ့တာပါ။ ပုဂံ ခရီးစဉ် အပြီး ပုဂံ ဘုရားတွေ အကြောင်း ရေးတော့ အဖေ က စာအုပ်တွေ တပုံတပင် ၀ယ်ပေးခဲ့တယ်။ ရှေးဟောင်းသုတေသနဌာန က ထုတ်ဝေထားတဲ့ စာအုပ်တွေ ရှိသလို ခုခေတ် ခရီးသွား ပညာရှင်တွေရဲ့ စာအုပ်တွေလဲ ပါတယ် ခင်ဗျ။ သို့ပေသောကြောင့် အရင်ကလို post တွေကို တစ်ပတ် ၂ ကြိမ် ပုံမှန် မတင်နိုင်တော့ ပါဘူး။ Post တစ်ခု အတွက် စာရေး ရတယ် ၊ ပြန်ဖတ် ရတယ် ၊ ပုံတွေ ပြန်ကြည့်တယ် ၊ ရွေးတယ် ၊ ပြင်တယ် ဆိုရင်ပဲ ကျွန်တော် ရင်းနှီးရတဲ့ အချိန်က နည်းနည်းနောနော မဟုတ်ပါဘူး။

တစ်နှစ်ပြည့် ကန်တော့ပန်း

ကျွန်တော့်ကို ဒီကနေ့ အထိ လူရယ်လို့ ဖြစ်လာအောင် ပြုစုပြိုးထောင်ပေးခဲ့တဲ့ ကျွန်တော့် ဖခင် နဲ့ ကျွန်တော့်ကို ဓါတ်ပုံ ပညာသင်ပေးတဲ့ လက်ဦးဆရာ ကိုဂျေ (သခင်ကြီး – မန္တလေး) အား ဒီ post လေးနဲ့ ဂါရ၀ ပြု ကန်တော့လိုက်ပါတယ်။

TOP 50 MYANMAR BLOGS
TOP 50 MYANMAR BLOGS

ဒီနေ့ သူငယ်ချင်း တစ်ယောက်က Gtalk မှာ ပြလို့ Link တစ်ခုကို ဖွင့်ကြည့်ဖြစ်တယ်။ “ရဲလွင်ဦး ရေ… ၊ မင်းနာမည်ကြီး အဲဒီ အထဲမှာ ပါနေတယ် ဟ” ဆိုတော့ လန့်သွားတာ။ ဖွင့်ကြည့်တော့ www.shwedarling.com ဆိုတဲ့ Website ရဲ့ post တစ်ခုပါ။ မြန်မာ နိုင်ငံနဲ့ ပတ်သတ်တဲ့ ၊ မြန်မာတွေ ရေးတဲ့ ဘလော့ဂ်တွေထဲ က လူကြည့်အများဆုံး ဘလော့ဂ် (၅၀) ကို စာရင်း ပြုစုထားတာ တွေ့ရတယ်။ Website Ranking လောက မှာ လူတော်တော်များများ သိကြတဲ့ Alexa Traffic Ranking က Result တွေ အရ စီထားတာဗျ။ ကျွန်တော့်ကို ဒီ Website ဖြစ်လာအောင် ပုံဖော် တိုက်တွန်း ပေးခဲ့တဲ့ ကိုဖြိုး (မျိုးကျော်ထွန်း) က နံပါတ် (၂) မှာ။ ကျွန်တော် က သူနဲ့ ကပ်လျက် နံပါတ် (၃) မှာ ၊ ညီမင်းစံ (ပုဂံနက်) က နံပါတ် (၅) မှာ ၊ စာရေးဆရာမ မနိုင်းနိုင်းစနေ က နံပါတ် (၉) မှာ ၊ ကိုမောင်လှ က နံပါတ် (၁၁) ၊ ကိုတိုး (မျိုးဟန်ထွန်း) က နံပါတ် (၁၆) ၊ ကိုညီလင်းဆက် က နံပါတ် (၁၇) စသဖြင့် ပေါ့။ List တစ်ခု လုံးကို ဒီနေရာ မှာ နှိပ်ပြီး ကြည့်လို့ ရပါတယ်။ စာရင်း ပြုစုပေးတဲ့ www.shwedarling.com ကိုလဲ အထူး ကျေးဇူး တင်ပါတယ်။ List ထဲမှာ ပါလာတဲ့ သူငယ်ချင်းတွေကိုလဲ Congratulations!!! ဒီထက်မက အောင်မြင်ကြပါစေ လို့ဗျာ…။

Me & My Shots
Me & My Shots (ကျွန်တော် နှင့် ကျွန်တော်၏ ရိုက်ချက်များ)

ပုံမှန်အားဖြင့် ကျွန်တော် ရိုက်ထားတဲ့ ပုံတွေကို ပြုပြင်လေ့ မရှိဘူးဗျ။ ဥပမာ… ရွှေတိဂုံ ဘုရား အနောက်ဖက်မုဒ်က ခြင်္သေ့ကြီး နှစ်ကောင် ဆိုပါစို့။ Wide Angle Aspherical Lens နဲ့ ရိုက်ခဲ့တာပါ။ ကောင်းကင်ပြာကြီးကို ပါစေချင်တော့ အောက်ကနေ ပင့်ပြီး ရိုက်တယ်။ အဲတော့ ပုံရဲ့ အောက်ခြေအပိုင်းက နဲနဲကားထွက်နေတယ်။ Distortion ရှိတယ်ပေါ့ဗျာ။ အမှန်ဆို အဲဒီ Distortion ကို Software သုံးပြီး ဖျောက်လို့ရတယ်။ ဒါပေမယ့် ကျွန်တော် မဖျောက်ဘူးဗျ။ ရိုက်တုန်းက အတိုင်းပဲ တင်လိုက်တယ်။ အဲ… ပုံတွေကို မပြင်ဘူး လို့ပြောတာ အဲလို မူရင်း ရသတွေကို မပြင်ဘူး ပြောတာပါ။ ကာလာချိန်တာ ကတော့ ကျွန်တော် လုပ်ဖြစ်ပါတယ်။ ရှုခင်း (Landscape) တွေ ရိုက်ရင် ကင်မရာရဲ့ Picture Control မှာကိုက Vivid Mode နဲ့ ရိုက်တယ်။ ပြီးရင် Lightroom ပေါ်မှာ ကောင်းကင်ရဲ့ အပြာရောင်ကို လျှော့တယ် ၊ တိုးတယ်။ မြက်ခင်းစိမ်းကို ရင့်မယ် ၊ ဖျော့မယ်… စသဖြင့်ပေါ့။ မှတ်မှတ်ရရ… အဲဒီ ခြင်္သေ့ကြီး နှစ်ကောင်ပုံမှာ ကောင်းကင် အပြာရောင်ကို Saturation နဲနဲလေး တင်ထားတာက လွဲလို့ ကျန်တာ ဘာဆို ဘာမှ ပြုပြင်ထားတာ မရှိဘူးဗျ။

Post Shooting Production (ရိုက်ပြီး ပုံများအား ပြုပြင်ခြင်း)

ကျွန်တော့်ကို ထုံတယ်ပဲ ပြောပြော ၊ နုံတယ်လို့ ဆိုဆို… ကျွန်တော် ဒီနေ့ထိ Photoshop မသုံးတတ်ဘူး ဗျ။ တကယ်ပါ။ ကျွန်တော် သုံးတတ်ချင်ပါတယ်။ သူများတွေ Photoshop ပေါ်မှာ ဖန်တီးထားတဲ့ Artwork တွေ မြင်ရင် သွားရေကျပါတယ်။ အဲ… Photoshop သုံးတတ်ချင်တယ် ဆိုတာက ကျွန်တော့် ဓါတ်ပုံတွေ ပြင်ဖို့ မဟုတ်ပါဘူး။ Illusion တို့ ၊ Abstract တို့လို artwork လေးတွေ ဖန်တီးတတ်ချင်လို့ပါ။ စိတ်ကူးပေါက်သလို Portrait လေးတွေကို Fancy ပုံစံမျိုးလေးတွေ ၊ Banner လှလှ လေးတွေ လုပ်ချင်တယ်ဗျ။ Lightroom မှာ ဒါတွေ လုပ်လို့ မရဘူးဗျ။

Shooting Vs Post Shooting (ပုံရိုက်နေစဉ် နဲ့ ပြန်ကြည့်ချိန်)

ပုံတစ်ပုံကို ရိုက်နေတုန်းက Feeling တစ်မျိုး ၊ ရိုက်ပြီး ကာလာပြန်ချိန် စဉ်မှာ Feeling တစ်မျိုး ဖြစ်သွားတာမျိုး ခင်ဗျားတို့ ကြုံဖူးမလားတော့ မသိဘူး။ ရိုက်တုန်းက အရမ်းကို ရောင်အသွေးစုံတဲ့ Landscape တစ်ခုကို Colorful Fine Art အဖြစ် မျက်စိ ပသာဓ ရှိအောင် ရိုက်ခဲ့တာ။ အထီးကျန် ဆန်တဲ့ ညတစ်ညမှာ အဲဒီပုံကို ကာလာချိန်ရင် အဲဒီပုံက Fine Art ဖြစ်မလာတော့ဘူးဗျ။ မှုန်မှုန်တွေတွေနဲ့ Vintage Color Tone တို့ ၊ အဖြူအမည်း Monochromatic တို့တွေ ဖြစ်လာရော။ အဲလိုတွေလည်း ဖြစ်တတ်ပါတယ်။ ဆိုလိုတာ ဓါတ်ပုံသမား တစ်ယောက်ဟာ ပုံတစ်ပုံရဲ့ ရသကို လုံးဝ ပြောင်းပြန်ဖြစ်သွားစေနိုင်တယ် ဆိုတဲ့ သဘောပါ။ Post Shooting Editing Software တွေ အရမ်း ကောင်းလာတဲ့ ဒီဖက်ခေတ်မှာ ပိုလို့တောင် ဆိုးလာပါတယ်။ ဖလင်ခေတ်ကထက် အဆပေါင်း များစွာ လက်ဆော့ လာကြပါတယ်။ ဒါကြောင့် ပုံတစ်ပုံဟာ ဘယ်လို ဘယ်ပုံနဲ့ ဘယ်ရသမျိုး ပေးစွမ်းနိုင်သလဲ ဆိုတာ ဓါတ်ပုံသမား တစ်ယောက်ရဲ့ ခံစားချက် (mood) အပေါ်မှာ အများကြီး မူတည် နေတယ်ဗျ။

ကောင်းကင် ဆိုတာ အပြာရောင်ကို ဖော်ကျူးပါတယ်။ ကျွန်တော်တို့ မြန်မာတွေမှာ “ကောင်းကင်ပြာ” လို့တောင် ဆိုရိုး ရှိသကိုး။ ဒါကြောင့်လည်း လူတွေက ကောင်းကင်ကို မြင်ရင် ပြာမှ လှတယ် လို့ ထင်ကြတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကောင်းကင်ကို အမြဲတမ်း အပြာရောင် မြင်နေရတော့ ပျင်းလာတဲ့ ကျွန်တော်တို့ တွေက လက်စွမ်း ပြတတ်ကြတယ်။ လက်စွမ်းပြတယ် ဆိုတာ Fooling Around (ရူးကြောင်ကြောင် လျှောက်လုပ်တာ) ကို ပြောတာဗျ။ ကောင်းကင်ကို ခရမ်းရောင် ပြောင်းပစ်တာတို့ ၊ ကြည်လင်စွာ စီးဆင်းနေတဲ့ စိမ့်စမ်းရေ ကို အနီရောင် သွေးချောင်း အဖြစ် ပြောင်းလဲ တာတို့ ဟာ ကျွန်တော်တို့ရဲ့ Extreme Thought အစွန်းရောက်တဲ့ အတွေးတွေပါ။ ဒါမျိုးတွေကို အမြင်ဆန်းလို့ ဆိုပြီး နှစ်သက်အားပေး သူတွေ ရှိသလို ၊ သဘာဝကို ဆန့်ကျင်ပါတယ် ဆိုပြီး စွတ်စွဲ ကြတဲ့ သူတွေလဲ ရှိပါတယ်။ ကျွန်တော် အဲလို ရူးကြောင်ကြောင်နိုင်တဲ့ Crazy Art တွေ ဖန်တီးမိတဲ့ အချိန်တွေမှာ နားလည် ခွင့်လွှတ်ပေးကြပါ လို့။ သဘာဝကို ဆန့်ကျင်တာ မဟုတ်ပဲ ကျွန်တော့် စိတ်ခံစားမှုမှာ စိုးမိုးတဲ့ အရောင်တွေကို ကျွန်တော့် ဓါတ်ပုံတွေကို အသုံးပြုပြီး ထွက်ပေါက် ရှာနေတာ လို့သာ…

Interview with VOA
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော် လောက်ဗျ။ ကျွန်တော် အိပ်မပျော်တာနဲ့ ပုံတွေ ထိုင်ပြင်နေတာ။ ဖုန်းသံမြည်လာတယ်။ လန့်သွားတာပေါ့။ ညကြီး သန်းခေါင် ကျွန်တော့်ဆီ ဘယ်သူမှ ဖုန်းဆက်လေ့ မရှိတတ်ဘူးဗျ။ ကြည့်လိုက်တော့ oversea call ဗျ။ ဖုန်းမှာတယ်နဲ့ တူပါတယ်။ ကိုင်လိုက်တယ်ဗျ။

ဖုန်းထဲမှာ အမျိုးသမီး ခပ်ငယ်ငယ် တစ်ယောက်ဗျ။ “ကိုရဲလွင်ဦးလား ရှင်” တဲ့။ ဟိုက်…။ ငါ့ဖုန်းပါလား။ ဟုတ်ပါတယ် ခင်ဗျားလို့ ပြန်ဖြေလိုက်ပါတယ်။ “ကျွန်မ VOA အသံလွှင့် ဌာနက သက်စုနိုင် ပါ။ ကိုရဲလွင်ဦးရဲ့ ဘလော့ဂ်မှာ ရှင်လောင်းလှည့်ပွဲ ပုံတွေ တွေ့လိုက်ရတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး interview လေးလုပ်ချင်လို့ အဆင်ပြေနိုင်မလား ရှင့်”။ ကျွန်တော် ကလဲ “ဟုတ်ကဲ့ ရပါတယ်” ဆိုတော့ သူ studio ထဲ ပြေးသွားပြီး အဲဒီကနေ အင်တာဗျူးလေး လုပ်ခဲ့တာဗျ။

အင်တာဗျူးကိုတော့ ဒီနေရာမှာ ဒေါင်းလုပ်ဒ် လုပ်ပြီး နားဆင်တော်မူကြပါ။

Me and Photography
ဓါတ်ပုံ ရိုက်ခြင်း နှင့် ကျွန်တော်

ကျွန်တော် ဓါတ်ပုံ ရိုက်တာကို ၂၀၀၂ နှစ်လောက် ကတည်းက အရူးအမူး ၀ါသနာ ပါခဲ့တာပါ။ ကင်မရာ တကားကားနဲ့ ရောက်လေရာ အရပ်မှာ ဟိုရိုက် ၊ ဒီရိုက် လုပ်တာကို ကျွန်တော့် အမေ ဖြစ်သူက နဲနဲလေးမှ ကြည့်မရပါဘူး။ “နင် ဓါတ်ပုံဆရာ လုပ်စားမလို့လား” ဆိုတဲ့ မေးခွန်းတွေနဲ့ ကျွန်တော့်ရဲ့ ၀ါသနာကို တစ်ချိန်လုံး ဟန့်တား ခဲ့တာပါ။ ကျွန်တော် အမေ့ကို ချစ်တယ် ၊ ဓါတ်ပုံ ရိုက်တာကိုလည်း မစွန့်လွှတ် နိုင်ဘူးဗျ။ အမေ အမြင်မကပ် ရလေအောင် သူနဲ့ သွားလာတဲ့ နေရာမျိုးတွေဆို ကင်မရာ သိပ်မယူဖြစ်အောင် ကြိုးစားပါတယ်။ အမေက ဓါတ်ပုံရိုက်တာ မကြိုက်ဘူး ဆိုတော့ ကျွန်တော့်ခမျာ မျက်နှာငယ်လေးနဲ့ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကင်မရာ ၊ မှန်ဘီလူး နဲ့ တခြားသော ဆက်စပ်ပစ္စည်းများကို ၀ယ်ဖို့ အမေ့ဆီမှာ ပိုက်ဆံ တောင်းလို့ မရလို့ပါ။ ဟဲ ဟဲ…။

Photography ကို လေ့လာခြင်း

တက္ကသိုလ် ကျောင်းသား ဘ၀တစ်လျှောက် ဓါတ်ပုံ ပညာနဲ့ ပတ်သက်တဲ့ အင်တာနက် စာမျက်နှာတွေ ၊ သင်္ခန်းစာ (tutorials) တွေ ဖတ်ရင်း နာရီပေါင်း များစွာ ဖြတ်သန်း ခဲ့တာပါ။ ကျွန်တော် ဓါတ်ပုံ သင်တန်းရယ် လို့ တက်ခဲ့တာမျိုး မရှိဘူး။ စာဖတ်ပြီး စာထဲမှာ ပြောထားတာတွေ စမ်းရိုက်ကြည့်တယ် ၊ မသိရင် သူငယ်ချင်းတွေကို မေးတယ်။ PhotoBlog မှာ ကျွန်တော် Blogging လုပ်တော့ သူငယ်ချင်းတွေ ရတယ်။ သူတို့တွေ ရိုက်ထားတဲ့ ပုံတွေ ကြည့်တယ် ၊ မသိရင် မေးတယ်။ အဲလိုနဲ့ပဲ တဖြည်းဖြည်းချင်း လူနဲ့သူနဲ့ တူအောင် ရိုက်တတ်လာတယ်ပေါ့။

ကြည်ဖြူပါ အမေရယ်…

ကျွန်တော် သိပ်ချစ်တဲ့ ကျွန်တော့် အမေက ဓါတ်ပုံ ရိုက်တာ မကြိုက်တော့ ကျွန်တော့်မှာ နေရထိုင်ရ အလွန် ကျဉ်းကျပ်ပါတယ်။ သူ့ရှေ့ ကင်မရာကြီး တကားကား သွားလုပ်ရင် ဆဲလွှတ်ခံရမှာ ဗျ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကျွန်တော်တို့ ချောင်းသာသွားတော့ ကျွန်တော် မနေနိုင် ၊ မထိုင်နိုင်နဲ့ ကင်မရာကြီး ယူသွားပါတယ်။ အမေက ကျွန်တော် ဓါတ်ပုံ ရိုက်တာ မကြိုက်ဘူးသာ ပြောတယ်။ သူကိုယ်တိုင်က ဓါတ်ပုံ အရိုက်ခံ ရတာ အင်မတန် ၀ါသနာထုံသူ တစ်ယောက်ပါ။ ချောင်းသာ ရောက်တော့ ညီမလေးကို ပုံတွေ ရိုက်ပေး ၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို ရိုက်ပေးဖြစ်တယ်။ အမေတွေ့တော့ သူ့ကိုလည်း ပုံတွေ ရိုက်ပေး ဖြစ်တယ်ဗျ။ အဲ… ရန်ကုန်ပြန်ရောက်လို့ ပုံတွေ Computer မှာ ပြတော့ သူ့လေသံက နဲနဲ ပြောင်းသွားတယ်ဗျ။ “အဲလိုကျတော့ ငါ့သားက ဘယ်ဆိုးလို့လဲ ၊ နင်ရိုက်တဲ့ ပုံတွေ လှသား” တဲ့ဗျာ။ ကျွန်တော် ကျိတ်ပြီး ပျော်ခဲ့ရတာပေါ့။ ကျွန်တော့် အမေ ကျွန်တော် ဓါတ်ပုံရိုက်တာကို နဲနဲကြည်ဖြူလာတဲ့ အရိပ်အရောင် ဆိုတော့ ကျွန်တော့်မှာ ၀မ်းသာရပါတယ်။

ငါ့ပိုက်ဆံ မကုန်ရင် ပြီးတာပဲ

ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်တွင်းပေါ့။ ကျွန်တော် ဘန်ကောက် သွားတယ်။ သွားတယ် ဆိုတာလည်း ဘာအတွက်မှ မဟုတ်ဘူး။ ကျွန်တော် နီကွန် ဒီ-၉၀ ကင်မရာ နဲ့ ၁၈-၂၀၀ မမ မှန်ဘီလူး သွားဝယ်တာ။ အဲဒီ အချိန်မှာပဲ အမေက ရုံးက အဖွဲ့တွေနဲ့ ဘန်ကောက် အလည် သွားတယ်လေ။ ဟိုမှာ ဆုံဖြစ်ကြတယ် ဆိုပါတော့။ သူ ရှော့ပင်းထွက်တော့ အဲဒီ ရှော့ပင်းစင်တာကို ကျွန်တော် လိုက်သွားတယ်။ ကြုံတုန်း သူ့ကို ဓါတ်ပုံရိုက်ပေးမယ် ဆိုပြီး စိတ်ကူးရတော့ ပုံနဲနဲ ရိုက်ပေးဖြစ်တယ်။ ကျွန်တော့် ကင်မရာလည်း တွေ့ရော “သား ၊ နင့်ကင်မရာ က ကောင်းလှချီလား။ ဘယ်လောက် ပေးရတာလဲ။ ဈေးကြီးတယ် မှတ်လား။” ကျွန်တော် ဘာမှ ပြန်မပြောပဲ ငြိမ်နေလိုက်တယ်။ “နင်လဲနော်… အေးလေ။ ၀ယ်ချင်ဝယ် ပေါ့။ ငါ့ပိုက်ဆံ မကုန်ရင် ပြီးတာပဲ” တဲ့ဗျာ။ ကျွန်တော် ဘာမှ မပြောဖြစ်ဘူး။

ကျွန်တော့် ပရိတ်သတ်

အဖေ ကတော့ ကျွန်တော့် Webpage ကို အမြဲ ဖတ်တယ်ဗျ။ ဆိုဒ်မှာ ပုံတွေအတွက် Narration ရေးရင်လည်း ဒီနေ့အထိ Raw Data တွေ ရှာပေးနေတုန်း။ အမေ ကတော့ ကျွန်တော့် ဆိုဒ်အကြောင်း သိပ်မသိဘူး။ ညည အိပ်မပျော်ရင် အင်တာနက် သုံးတတ်တဲ့ အမေ တစ်ယောက် တလောလေးတုန်းက ထူးထူးခြားခြား ဖြစ်နေရော။ ကျွန်တော် ရေသောက်ချင်လို့ ထတော့ သူ ကွန်ပျူတာရှေ့ မှာထိုင်ပြီး ကျွန်တော့် ဆိုဒ်ကို စိတ်ဝင်တစား ဖတ်နေတာပါ။ ကျွန်တော့် စိတ်ထဲ ဖြစ်တဲ့ ပီတိကို ခင်ဗျားတို့ မှန်းဆ နိုင်မှာပါ။ ကျွန်တော့် အတွက် အမာခံ ပရိတ်သတ်တစ်ယောက် ရခဲ့ပြန်ပါတယ်။

အလုပ်နဲ့ ဓါတ်ပုံ

အလုပ်နဲ့ ပတ်သက်ပြီး ခရီးသွားရင် ကျွန်တော် ကင်မရာ ယူသွားလေ့ ရှိပါတယ်။ Street Life လေးတွေ ရိုက်ရအောင်လို့ပါ။ ကျွန်တော်တို့ ကုမ္ပဏီက 2009 May 14 မန္တလေးမှာ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ ရှိတယ်ဆိုလို့ ကျွန်တော် မန္တလေး ရောက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မန္တလေး ရတနာပုံ မြို့တည်နန်းတည် နှစ် ၁၅၀ ပြည့် အခမ်းအနားနဲ့ ကြုံကြိုက် နေလေရောဗျာ။ အဲဒီနေ့ မနက် ၁၀း၀၀ အတိမှာ ကျွန်တော်တို့ အစည်းအဝေး ရှိတယ်ဗျ။ လုံးဝ မနေနိုင်တဲ့ အဆုံး မနက် ၆ နာရီ လောက်မှာ ကျွန်တော့် ညီငယ်လေး ညီမင်းစံ ဆီဖုန်းဆက်ပြီး လာကြို ခိုင်းလိုက်တယ်။ အဲဒီ နှစ် ၁၅၀ ပွဲဆိုတာ နှစ် ၅၀ ကြာမှ တစ်ခေါက် လုပ်တဲ့ ပွဲလေ။ ကြုံတောင့် ကြုံခဲပါ။ ဟုတ်ကဲ့။ ကျွန်တော် ၊ ညီမင်းစံ ၊ ကိုမောင်လှ ၊ ကိုသခင်ကြီး ၊ နိုင်နိုင်ထွန်း လူစုံ တက်စုံ သွားရိုက်ဖြစ်တယ်။ မနက် ၁၀း၀၀ အစည်းအဝေး ဆိုတော့ အပြေးအလွှား ရိုက်ရတာမျိုးပါ။ ဘယ်လောက်များ ပြေးလွှားလိုက်သလဲ ဆိုရင် ကျွန်တော့် ခြေဖ၀ါး ၂ ဖက်စလုံး အရည်ကျည် ဖုတွေ ထသွားတဲ့ အထိပါ။ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ။ ဓါတ်ပုံရိုက်ခြင်းကို ကျွန်တော် ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ…

ဓါတ်ပုံမှာ ကျွန်တော့်ရဲ့ လက်ဦးဆရာလို့ ဆိုနိုင်တဲ့ ဓါတ်ပုံ သခင်ကြီး (မန္တလေး) နဲ့ အမှတ်တရ ပါ…

မန္တလေးမှာ ဆိုင်ကယ် တစ်စီးနဲ့ တောက်လျှောက် လိုက်ပို့ပေးတဲ့ ညီလေး ညီမင်းစံ နဲ့ မနက် ဓါတ်ပုံရိုက် မထွက်ခင် အမှတ်တရ…

WELCOME BACK
သားသား ကြောက်ကြောက်

ခုလာမယ့် မေလ ၂၄ ရက်ဆို ဤလောကကြီးမှာ ကျွန်တော် အကြောက်ရဆုံး မယ်မင်းကြီးမ တစ်ယောက် ရန်ကုန် ရွှေမြို့တော်သို့ ပြန်လာပါ တော့မယ်။ အဲ… သူကတော့ နို့စည်ပုံးကြီး (ခေါ်) ပွန်ကြီး (ခေါ်) ဆင်ဖြူရှင်မ ပါပဲ ခင်ဗျား။ အမှန်တော့ ပွန်ကြီးက ကျွန်တော့် သူငယ်ချင်း မဟုတ်ဘူးဗျ။ သူ့အကို နဲ့ သူ့အမ ကမှ ကျွန်တော့် သူငယ်ချင်းတွေပါ။ ကျွန်တော် သူ့ကို ကြောက်ရခြင်း အကြောင်းအရင်းများကို ဒီမှာ ရေးနေရင် နောက်ထပ် (၃) ရက်လောက် ကြာမယ်ထင်ပါတယ်။ ကျွန်တော်က ဓါတ်ပုံသမား ဆိုတော့ ကျွန်တော့် အကျင့်အတိုင်း သူ့ကို Digital SLR Camera ၀ယ်ဖို့ ပိုးထဲ့တာပေါ့။ ၀ယ်မယ် ဆိုပြီး ဘယ်ဟုတ်မလဲ ဗျာ။ မယ်မင်းကြီးမ က USA မှာ ဈေးကြီးလို့ ဆိုပြီး ကျွန်တော့်ကို ဘန်ကောက်မှာ ၀ယ်ခိုင်းပါလေရော။ ယဉ်ယဉ်ကျေးကျေး ပြောရင် အကူအညီ တောင်းတာ ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခိုင်းစားတာ ပေါ့။ ဟိ ဟိ။

ပွန်ကြီး ဆိုတာ ဘူလေးလဲ

ပွန်ကြီးက မှတ်ပုံတင်ထဲမှာသာ မိန်းခလေး ဗျ။ သူ့မှာ မိန်းခလေးနဲ့ တူတာဆိုလို့ ဘာမှ ရှိဘူး။ အဲ အဲ… ဘာတွေ ပြောမိမှန်း မသိပါဘူးဗျာ။ ခေါင်းစဉ် ပြောင်းတာ ကောင်းပါတယ်လေ…။ အဲ… ဟိုတလောလေးက Gtalk မှာ သူနဲ့ စကားပြော ဖြစ်တယ်။ သူ ကျွန်တော့်ကို နှုတ်ဆက်သွားပုံလေးက “ဘရားသားကြီး ၊ ကျွန်တော် ရန်ကုန်ပြန်လာတော့ မလို့ဗျ။ ပြန်လာရင် ကျုပ်ကို မုန့်လိုက်ကျွေး နော်” တဲ့။ ပွန်ကြီးဟာ အစား အင်မတန် သောင်းကျန်းတာကို သိထားတဲ့ ကျွန်တော်ကလည်း “အေး အေး။ နင်ဘာစားချင်တုန်း။ ရုံးအားရက်မှာ ငါ လိုက်ကျွေးပါ့မယ်။” လို့ ပြန်ပြောလိုက်မိ ပါတယ်။ “ဟာဗျာ။ ကျုပ်စားချင်တာတွေက အများကြီးဗျ။ ခု Gmail မှာ ချရေး နေတယ်။ ပြီးရင် ဘရားသားကြီး Gmail ထဲကို ပို့ပေးလိုက်မယ်။ ဟုတ်ပလား။” ကျွန်တော် အဲဒီ အချိန်မှာ မေတ္တာသုတ် ရွတ်နေပါပြီ။ ဘုရား ၊ ဘုရား List တောင် လုပ်ပြီး ပို့ဦးမယ် ဆိုပါလား။ သေစမ်း ရဲလွင်ဦး ရေ…။

1 New Unread Message

ပွန်ကြီးတို့က ဒါမျိုးဆို သိပ်မြန်တာ။ သိပ်မကြာပါဘူး။ Gtalk notification မှာ “1 New Unread Message” ဆိုပြီး ပေါ်လာပါလေရော။ ကျွန်တော် မေးလ်ကို ဖွင့်တဲ့ ပုံက ရှမ်းကိုမြီး ရိုက်လို့ ဖဲပွတ်သလိုပဲ ဗျ။ မေးလ်လည်း ပွင့်လာရော လန့်ထာဗျာ။ သိပ်မများဘူး ဗျ။ (၁၆) မျိုးတည်းရယ်။ ကဲ ကြည့်ပါဦး သူပို့လိုက်တဲ့ စားဖွယ်စုံကို

၁) ကျောက်မြောင်းထဲက နာမည်ကြီး မုန့်လင်မယား…

(တန်းစီပြီး စောင့်ရပေမယ့် အပြင်အကာလေး ကြွရွပြီး ကိုက်လိုက်တာနဲ့  အထဲက ပဲပြုတ်များများလေး ပါတဲ့ မုန့်နှစ် အိအိလေးကတော့ ဘာနဲ့မှ ယှဉ်လို့ မရဘူး… နှမ်းထောင်းများများလေး ဖြူးခိုင်းဖို့ မမေ့နဲ့နော်…)

၂) အဲဒီ ဆိုင်ကပဲ ရေမုန့်…

(မုန့်နှစ် ပိုင်တော့ စားလို့ ကောင်းသလား မမေးနဲ့…)

၃) လှည်းတန်းက ငါးဖယ်သုတ်နဲ့ ကြာဇံချက်…

၎) စမ်းချောင်းထဲက ဘာညာသရကာ အသုတ်ဆိုင်…

(ရခိုင် ထမင်းသုတ်၊ ရေခူသုတ်၊ ဆေးဘဲဥသုတ်၊ ငါးကျည်းခြောက်သုတ်၊ ရုံးပတီသီးသုတ် စတဲ့ အကုန်သုတ်ပေးတဲ့ ဆိုင်ပေါ့… ထမင်းဖြူ တစ်ပန်းကန်နဲ့ အသုတ်ပေါင်းစုံ ဗိုက်ရိုက်စား တာတောင် တော်တော်လေး တန်ပါတယ်…)

၅) အင်းစိန် RIT နားက ဦးရေခဲမုန့် ဟင်းခါး…

(မိုးအလင်းဆိုင် ဆိုတော့ ညဘက် ဘောလုံးပွဲ ကြည့်ရင်း ဗိုက်ဆာရင် သွားစားဖို့ မမေ့နဲ့ နော်… အလှူ မုန့်ဟင်းခါးလို မွှေးမွှေးပျစ်ပျစ်လေးနဲ့မို့ အိုးဘဲဥရယ် ပဲကြော်လေးရယ်နဲ့ တွဲစားလိုက်လို့ ကတော့ ရှယ်ပဲ…)

၆) မြေနီကုန်း မဟာဘောဂလမ်းထဲက ၀က်သားတုတ်ထိုးနဲ့ ကြာဇံ…

(သူ့ဆိုင်က ၀က်အူက တခြားဆိုင်တွေနဲ့ မတူတော့ နာမည်ကြီးတယ်… အပြောင်းအလဲလေး ဖြစ်အောင် သွားစားကြည့်နော်… ပြီးရင်တော့ ဘေးက အအေးဆိုင်မှာ ဒိုမီနိုလေး အစာပိတ် ၀င်သောက်ဖို့ မမေ့နဲ့ နော်…)

၇) လသာလမ်းထောင့်က ဆီထမင်းနဲ့ ငါးခြောက်ကြော်…

(လသာလမ်း အပေါ်လမ်းထောင့်က ဆိုင်နော်… သူ့ဆိုင်မှာ ကုန်သွားရင် အောက်လမ်းထောင့်က သူ့အစ်မဆိုင်ကို ညွှန်းတတ်ပေမဲ့ သူ့ဆိုင်က ပိုကောင်းတယ်…)

၈) ရန်ကင်းစင်တာနောက် ၁၂လုံးတန်းက ‘သဘာဝ’ ဆိုတဲ့ ယိုးဒယားဆိုင်…

(ဆိုင်ရှင် ယပက်လက် ကိုယ်တိုင်ချက်တာ… ယိုးဒယား အစားအသောက် ကြိုက်တဲ့ သူများအတွက်တော့ အရမ်းကို တန်တဲ့ဆိုင်ပေါ့… seafood tom yum ဟင်းရည်ဆိုလို့ ကတော့ ပုဇွန်တွေ ပြည်ကြီးငါးတွေ အများကြီးပါတဲ့ ၁၈၀၀ တစ်ပွဲကို လူနှစ်ယောက် ကောင်းကောင်းစားလို့ ရပါတယ်…)

၉) တရုတ်တန်း စဉ့်အိုးတန်း အပေါ်လမ်းထိပ်က ‘ရွှေနဂါး’…

(တရုတ်တန်းမှာတော့ သူ့ဆီချက်နဲ့ ကော်ရည်ကို မှီတာ ရှားပါတယ်… လွန်ခဲ့တဲ့ (၁) နှစ်လောက်အထိ ဆီချက် တစ်ပွဲကို ၃၀၀နဲ့ ရောင်းတုန်း… လွန်ခဲ့တဲ့ (၆) လလောက်ကတော့ ၄၀၀ ဖြစ်သွားပြီ… ဆီချက်၊ ကော်ရည်၊ ဘဲခေါင်းသုတ်၊ အသဲအမြစ်သုတ်၊ ဘဲသွေးသုတ် အစုံရပါတယ်… စေတနာလဲ ကောင်းတယ်…)

၁၀) M3 အနောက် လမ်းကြားထဲက ‘အောင်သုခ’…

(မြန်မာ ထမင်းဟင်း စားချင်တယ် ဆိုရင်တော့ မမေ့ပါနဲ့ … စေတနာ အရမ်းကောင်းတဲ့ ဆိုင်ပါ… ဆိုင်ရှင် ထိပ်ပြောင်ဦးလေးကြီး ကိုယ်တိုင် ဟင်းတွေ လိုက်လိုက်ဖြည့်ပေးတာ… ကြက်ကြော်သုပ်၊ ဆိတ်ကလီစာ၊ အမဲနှပ် ကောင်းတယ်…)

၁၁) တာမွေက ဦးချစ်မောင်လမ်းနဲ့ ရွှေဂုံတိုင်လမ်းကို ဆက်ထားတဲ့ လမ်းလေးထဲက ကော်ပြန့်ကြော်…

(လမ်းနာမည်တော့ မသိဘူး… ကျိုက်ထီးရိုး ဘုရားလေး သေးသေးလေး တစ်ဆူရှိတယ်…)

၁၂) TOP CHOICE က ထိုင်းထမင်းပေါင်းနဲ့ ငါးဟင်းထုတ်…

၁၃) ဗဟိုလမ်း စွမ်းစွမ်းက ကြက်ဥ ခေါက်ဆွဲကြော်…

၁၄) အင်းစိန် မင်းဓမ္မလမ်းပေါ်က ငါးအရေခွံကြော်…

၁၅) လမ်းမတော် (၈) လမ်းထိပ်က ကုလား ကြက်သားသုတ်…

(အရည် ရွတ်ပတ်ကြီး မဟုတ်ဘဲ အခြောက် သုတ်ပေးတာ…)

၁၆) လမ်းမတော် အောက်လမ်းထောင့် ရွှေနန်းတော်ရှေ့က ဂဏန်းကော်ကြော်…

နိဂုံး

အဲ ပွန်ကြီး တစ်ယောက် ကိုးရီးယား ဇာတ်လမ်းတွဲ ရုပ်ရှင်ကားတွေ ကြိုက်တယ် ထင်ရဲ့။ နောက်ဆက်တွဲတွေ ရှိသေးတယ် ဆိုတာကို အချက်ပြ လိုက်ပုံများက “ကျန်နေသေးတာတွေ ထပ်ဖြည့်ပေးမယ်နော်… ဟုတ်ကဲ့… ခု စဉ်းစားမိ သလောက်ကတော့ ဒီလောက်ပါပဲ… နောက် စဉ်းစားလို့ရမှ ထပ်ရေးဦးမယ် နော်… ရေးရင်းနဲ့  ကျွန်တော် မြို့ပတ်ပြီး လျှောက်စားနေတာတောင် လူသိပါပြီ… ဟီး…” ဟူ၍သာ…

WELCOME BACK

ကျွန်တော့်ကို ခိုင်းစားတော့မယ့် ၊ ရန်ကုန် တကူးတက ပြန်လာပြီး အစားအသောက် သောင်းကျန်းတော့မယ့် ဆင်ဖြူရှင်မ အား မေတ္တာသုတ်လေး ရွတ်ဆိုရင်း ကြိုဆိုလိုက်ပါတယ် ခင်ညာ…

JAPANESE PHOTOGRAPHER
ကျွန်တော် နှင့် ဇာတ်လမ်းများ

ဒီ Notes Section မှာ ရေးထားတဲ့ ဇာတ်လမ်းလေးတွေကို ဖတ်မိပြီး ကျွန်တော့်ဆီ Email နဲ့ တစ်မျိုး ၊ တယ်လီဖုန်းနဲ့ တစ်ဖုံ မေးမြန်းကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိပါတယ်။ “မောင်ရဲလွင်ဦးရေ… ဒါတွေက တကယ့်အဖြစ်အပျက် တွေလား” ဆိုပြီးတော့။ ကျွန်တော် ဒီမှာ တကယ့် အဖြစ်အပျက်တွေကို ပဲရေးတာပါ။ တီထွင်ဖန်တီး ရေးယူတာမျိုးလဲ ကျွန်တော် ၀ါသနာ မပါပါဘူး ခင်ဗျာ။ စာရေးဆရာ လုပ်ဖို့လဲ အစီအစဉ် မရှိတာ အမှန်ပါ။ ဘယ်အချိန်ကတည်းက အဲလို Story လေးတွေ ရေးတတ်သွားတယ် ဆိုတာလဲ ကျွန်တော် ကိုယ့်ကိုကိုယ် မသိဘူးဗျ။ ကျွန်တော့် ဖြစ်ရပ်မှန် အတွေ့အကြုံလေးတွေ ၊ အဖြစ်အပျက်လေးတွေ ဆိုတော့ ဇာတ်လမ်း ၊ ဇာတ်အိမ်က စဉ်းစားဖန်တီး စရာ မလိုဘူးဗျ။ အဲ… စာဖတ်သူတွေ ဖတ်ရတာ အဆင်ပြေအောင် စကားလုံး အသွားအလာ ၊ အသုံးအနှုန်းလေးတွေ ရွေးခြယ် ရေးသားရတာပဲ ရှိပါတယ်။ မြန်မာစာ အသုံးအနှုန်း ကြွယ်ဝတဲ့ ကျွန်တော့် ညီမလေး ပွန်ကြီး (ခေါ်) ဆင်ဖြူရှင်မ (ခေါ်) နို့စည်ပုံးကြီး က PROOFREAD လုပ်ပေးလေ့ ရှိပါတယ်။

အဲ… အခုလဲ ကျွန်တော့် အဖြစ်အပျက်လေး ပါပဲ။ ဒီတစ်ခါတော့ မင်းသားက ကျွန်တော် ကိုယ်တိုင်ပါ…

ကျွန်တော့် စတိုင် နှင့် အ၀တ်အစား

စကားဦး ချီရမှာက ကျွန်တော့် ပုံစံပါ။ ကျွန်တော် အမြဲတမ်း ဂတုံးနဲ့ပါ။ ဟုတ်ပါတယ်။ တစ်ပတ် တစ်ခေါက် ကျွန်တော် ဆံပင်ရိတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆံပင် ပါးလို့ ပါ။ ဆံပင် မရှိတရှိထက် စာရင် ဂတုံးနဲ့ နေတာ ပိုကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။

နောက်ပြီး ကျွန်တော် ရုံးသွားရင် ရှပ်အကျီ လက်ရှည်နဲ့ စတိုင် ဘောင်းဘီ ၀တ်လေ့ ရှိပါတယ်။ အဲလိုဝတ်ရတာ ကြိုက်လို့လား ဆိုတော့ မဟုတ်ဘူးဗျ။ သူ့နေရာနဲ့ သူမို့ ထိုက်သင့်သလို ၀တ်စားရတာမျိုးပါ။ အဲဆို… ကျွန်တော် ဘာတွေကို ခုံခုံမင်မင် ၀တ်သလဲ ဆိုတော့ TEE (တီရှပ်အကျီ) ၊ SHORT PANT (ဘောင်းဘီတို) နဲ့ FLIP FLOP (ရာဘာ ကြားညှပ် ဖိနပ်) ပါ။ ဘာဖြစ်လို့လဲ လို့မေးရင် လွတ်လပ်လို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် အဲလို လွတ်လပ်ပေါ့ပါးစေတဲ့ အ၀တ်အစားတွေကို အရမ်းကို ကြိုက်ပါတယ်။ နှစ်ခြိုက်စွာလဲ ၀တ်လေ့ ရှိပါတယ်။ အထူးသဖြင့် ဓါတ်ပုံရိုက် ထွက်ရင် ကျွန်တော် ခုနက ပြောခဲ့တဲ့ အရာတွေကိုပဲ ၀တ်လေ့ရှိပါတယ်။

မွေးရပ်မြေ ခရီး

ကျွန်တော့် အဖေက ထားဝယ်သား ပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ထားဝယ်မှာ ကြီးပြင်းခဲ့ပါတယ်။ ရန်ကုန်မှာမွေး ၊ ထားဝယ်မှာ ကြီးပြင်းတာပေါ့။ သူငယ်တန်းမှ သတ္တမတန်းအထိ အဲဒီမှာပဲ ကျောင်းတက် ခဲ့တာပေါ့။ နောက်တော့ ၁၉၉၇ မှာ ဖခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ကျွန်တော်တို့ တစ်မိသားစုလုံး ရန်ကုန်မှာ အခြေချ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ အခြေချတယ် ဆိုပေသိ အခွင့်အခါ သင့်တိုင်း တစ်နှစ်မှာ တစ်ခေါက်လောက်တော့ ထားဝယ် ပြန်ဖြစ်တယ်ဗျ။ ကျွန်တော့် အမျိုးတွေ အဲဒီမှာ အများကြီး ရှိသကိုး။ အဖိုး နဲ့ အဖွားကလဲ ယနေ့တိုင် ထားဝယ်မှာပဲ ဗျ။ အဖိုး ၊ အဖွား ၊ ဦးလေး ၊ အဒေါ်တွေဆီ သွားကန်တော့မယ်လို့ အကြောင်းပြပြီး ကျွန်တော့် မွေးရပ်မြေဆီ ပြန်စမြဲပါ။ ၂၀၀၂ ခုနှစ် ၊ ကျွန်တော် ပြည်ပမှာ တက္ကသိုလ် သွားတက်လေတော့ ဘယ်လိုမှ ပြန်ဖို့ အခွင့်မသာတော့ပါဘူး။ ၂၀၀၆ ခုနှစ် ကျောင်းပြီးလို့ မြန်မာပြည်ပြန်တော့ ထားဝယ်က အမျိုးတွေက ကျွန်တော့်ကို လာလည်ဖို့ တစ်ခေါ်တည်း ခေါ်ပါတော့တယ်။ အဲလိုနဲ့ ကျွန်တော်လဲ လေယာဉ်လက်မှတ် ၀ယ်ပြီး ထားဝယ်ကို ရောက်သွားခဲ့တာပေါ့။

ကျွန်တော့် ရောဂါ

အဲဒီ ၂၀၀၆ ဆို ကျွန်တော် ဓါတ်ပုံရိုက်တဲ့ ရောဂါ ရနေပါပြီ။ ကျွန်တော်တို့ အိမ်က ဈေးနားမှာပါ။ LIFE ပုံတွေကို ရူးမူးတဲ့ ကျွန်တော် ကင်မရာကြီးကို ကိုင်ပြီး ဈေးထဲဝင်သွားတာပေါ့။ ငါးစိမ်းသည် ရိုက်လိုက် ၊ ဟင်းသီးဟင်းရွက်သည် ရိုက်လိုက်နဲ့ ဟုတ်နေတာဗျာ။ လူတွေက ကျွန်တော့်ကို ၀ိုင်းကြည့်နေကြတာ ဗျ။ ကျွန်တော်လဲ ခပ်မှန်မှန်ပဲ။ သူတို့ ပြောနေ ၊ ကြည့်နေကြ တာတွေကို ဂရုမစိုက် နိုင်ပေါင်။ ကျွန်တော့် ထုံးစံအတိုင်း အာရုံကို မှန်ဘီလူးထဲမှာပဲ ထဲ့ထား လိုက်မိတယ်။

ဂျပန်စုတ်

အဲမှာ ကျွန်တော် ငါးပိ ၊ ငါးခြောက်တန်းကို ရောက်သွားရော။ ငါးခြောက်ဆိုင်တွေကို ရိုက်နေတုန်း နောက်နားက ပုစွန်ခြောက် ရောင်းတဲ့ အဒေါ်ကြီး တစ်ယောက်က ထားဝယ်သံဖြင့် ပြောပါလေ ရော… “ဒီ ဂတုံးနဲ့ ဂျပန်စုတ် ၊ ငါ့ကျတော့ မရိုက်ဘူး ၊ ငါးခြောက်တွေပဲ ရိုက်နေတာပဲ” တဲ့ဗျာ။ ကျွန်တော်လည်း မသိချင်ယောင်ဆောင်ပြီး ပုံတွေ ဆက်ရိုက်နေခဲ့တာ။ အားလုံး ပြီးသွားပြီ ဆိုမှ ကျွန်တော် သူ့ဖက်ကို လှည့်ပြီး ထားဝယ်သံနဲ့ ပြန်ပြောမိလိုက် သည်မှာ “ပုစွန်ခြောက် တစ်ပိသာ ဘယ်ဈေးလဲ” ဟူ၍သာ… အနီးအနားရှိ ဈေးသည်များကတော့ အံ့သြမှင်တက် မှုများဖြင့်…

တကယ့် ဂျပန်ကြီး

တကယ်ပါ ဗျာ။ ကျွန်တော့် ခေါင်းမှာလည်း ဆံပင်က မရှိ ၊ ဘောင်းဘီတိုနဲ့ ဆိုလေတော့ တွေ့သမျှ လူတွေက ကျွန်တော့်ကို ဂျပန်လို့ ထင်နေတော့တာ။ ရွှေတိဂုံ ပေါ်တက်ရင်လည်း ဂေါပက လူကြီးများ ခဏခဏ လာမေးပါတယ်။ “You are from JAPAN? Have you paid the camera tax?” ကျွန်တော်ကလဲ အဲလိုဆို အငြိမ်မနေ တတ်ဘူး။ မြန်မာလိုနဲ့ ပြန်ပက် ပြောတတ်တယ်။ “ကျွန်တော် ဂျပန် ဆာကေး အရက်တော့ ကြိုက်တယ်ဗျ” လို့။ ဂေါပက လူကြီးများ ခေါင်းကုပ်ပြီး ကျန်ခဲ့ကြ စမြဲ…  ကျွန်တော် ဂျပန်မဟုတ်ပါ ၊ မြန်မာ စစ်စစ်ပါ ခင်ညာ…

INTERVIEW
လောကအလှ ဆိုတဲ့ အင်တာနက် မဂ္ဂဇင်းက INTERVIEW WITH PHOTO MAKER (ပုံရိပ်များကို ဖန်တီးသူ နှင့် တွေ့ဆုံခြင်း) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော့်ကို အင်တာဗျူး ထားတာပါ။ ၂၀၀၉ ခုနှစ် ၊ ဧပြီလ (၁၂) ရက်နေ့ တုန်းက ဗျူးတာပါ။ ကျွန်တော် ဘန်ကောက်မှာ ရှိနေစဉ်ပေါ့။ လောကအလှရဲ့ အယ်ဒီတာ တစ်ဦးဖြစ်တဲ့ မဟနက ကျွန်တော့် သူငယ်ချင်း မျိုးကျော်ထွန်းက တစ်ဆင့် မေးခွန်းတွေ ပေးပို့ခဲ့တာပါ။ ကျွန်တော့် အကြောင်း တော်တော် စုံစုံလင်လင်လေး ဖြေထားပါတယ်။ သူငယ်ချင်းတွေ ဖတ်လို့ရအောင် ဝေမျှ လိုက်ပါတယ် ခင်ဗျား။

အင်တာဗျူး တစ်ပုဒ်လုံးကိုတော့ ကို ဒီနေရာ မှာဖတ်လို့ရပါတယ်။

CHAT KYI & HIS STORY
ဒီ Notes Section လေးက ကျွန်တော့် ဓါတ်ပုံတွေနဲ့ သိပ်တော့ သက်ဆိုင်မှု မရှိဘူးဗျ။ ကျွန်တော် မြန်မာလို ရေးတာကို နှစ်သက်ကြတဲ့ ၊ ဟာသလေးတွေ ဖတ်ချင်ကြတဲ့ သူငယ်ချင်းတွေ အတွက် ဒါလေးလုပ်မယ် ဆိုပြီး လုပ်ဖြစ်သွားတာပါ။

ချက်ကြီး ဆိုတာ…

ခုတစ်ခေါက်လည်း တကယ့်အဖြစ်အပျက် တစ်ခုပါပဲ။ ဘန်ကောက်မှာ ရောက်နေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်း မောင်ချက်ကြီး အကြောင်းပါ။ ချက်ကြီး ဆိုတာ ကျွန်တော်တို့ သူ့ကို ခေါ်တဲ့ နာမည်ပြောင်ပေါ့။ အဲ… မောင်ချက်ကြီးက ဘန်ကောက်မြို့ကို ရောက်လေတော့ မြန်မာတွေ အများကြီး နေထိုင်တဲ့ ABAC နားမှာ အခန်းငှားပြီး နေပါတယ်။ သူ့အခန်းက ကျွန်တော့် သူငယ်ချင်း ကိုမျိုးဟန်ထွန်း ၊ မျိုးကျော်ထွန်း တို့ ညီအကို အခန်းနဲ့ မလှမ်းမကမ်းမှာပါ။ ဟိုညီနောင် (၂) ပါးက အခန်းမှာ WiFi တပ်ထားတော့ မောင်ချက်ကြီးတို့ အကြိုက်ပေါ့ဗျာ။ ဘာပြောကောင်းမလဲ။ အလကား သုံးရတာကိုး။ ဘန်ကောက်မြေကို နင်းလိုက်တာနဲ့ “ယိုးဒယားမ ရည်းစား လိုချင်တယ်” ဆိုပြီး တငဲငဲ ပူဆာနေတဲ့ မောင်ချက်ကြီး တစ်ယောက် သိပ်မကြာပါဘူး။ ထိုင်းမလေး တစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်ပါလေရော…။ ကျွန်တော်က ရန်ကုန်မှာ ဆိုပေမယ့် သတင်းတွေ ကြားနေတာဗျ။ ချက်ကြီးတစ်ယောက် အခန်းတွင်းအောင်းပြီး တရားအားထုတ် (အဲ… မှားလို့) ဘာတွေလုပ်မှန်း မသိလုပ်နေတယ်ပေါ့။ တယ်လဲ ကြိုးစားတဲ့ ချက်ကြီး ပါလားနော်…။

ချက်ကြီးရဲ့ စေတနာ…

မောင်ချက်ကြီးနဲ့ ကျွန်တော်က အထက်တန်း ကျောင်းသား ဘ၀ ကတည်းက သူငယ်ချင်းတွေဗျ။ ခင်ဖို့ကောင်းတယ် ၊ စိတ်ကောင်းရှိတယ်။ ခုလဲ ကြည့်လေ…။ ထိုင်းမ နဲ့ ရည်းစား ဖြစ်တာ မကြာဘူး။ စေတနာတွေ ပိုပြီး ဗမာစကားတွေ သွားသင်ပေး ပါလေရောဗျာ။ အမယ်… သူ့ရည်းစားက လက်ထဲမှာ THAI – MYANMAR Dictionary တကားကားနဲ့ ဗျာ။ သူငယ်ချင်းတွေက သူ့အခန်း တံခါးကို ခေါက်ပြီး “ချက်ကြီးရေ…” လို့ သွားခေါ်ရင် အထဲက မိန်းခလေး အသံနဲ့ “ချက်ကြီး မရှိဘူး ၊ ကျောင်းသွားတက်နေပါတယ် ရှင်” ဆိုပြီး ၀ဲတဲတဲနဲ့ ယဉ်ယဉ် ကျေးကျေးလေး ပြန်ဖြေ ရှာသတဲ့ ဗျာ။ ချီးကျူးပါတယ် မောင်ချက်ကြီး ရယ်။ မြန်မာစာကို ကိုယ်ဖိ ၊ ရင်ဖိ များသင်ပေး လိုက်လေသလား…။

ချက်ကြီးရဲ့ လျှို့ဝှက်ချက်…

ချက်ကြီးကို အထင်မသေးနဲ့နော်။ ရန်ကုန်မှာလည်း ရည်းစား ရှိသဗျာ။ ဟုတ်ကဲ့…။ ဆိုလိုတာက ရည်းစား (၂) ယောက်ကို အပြိုင်တွဲပြီး အသေကဲတဲ့ ချက်ကြီးပါ။ တစ်ရွာတစ်ကျီ ဆောက်တယ် ပြောရမလားပဲ။

ချက်ကြီး ကွိုင်တက်ပြီ…

တစ်နေ့ ရန်ကုန်က သူ့ကောင်မလေး သူ့ဆီ အီးမေးလ် ပို့လာပါတယ်။ ကိုတော်ချောက ရေချိုးနေတယ် ထင်ပါရဲ့။ သူ့ထိုင်းမ ရည်းစားက သူ့ အီးမေးလ်တွေကို ဖတ်ပါလေရော။ အီးမေးလ် ထဲမှာက Burglish နဲ့ ရေးထားတာပါ။ “Ko Ko, Nay Kaung Larr? Chit A Yann Lwan Nay Tel…” စ သဖြင့်ပေါ့။ မောင်ချက်ကြီး ရေချိုးခန်းထဲက အထွက် ကွိုင်တက်ပါလေရော ဗျာ။ ထိုင်းမလေးက မြန်မာပြည်က ချက်ကြီး ရည်းစား ပို့လိုက်တဲ့ စာတွေကို ဖတ်ပြီး အားလုံး နားလည် နေတယ်လေ…။ အဲတော့ ထိုင်းမက အဲဒီ အီးမေးလ်ကို reply ပြန်လုပ်တယ်။ “Hello, this is Chat Kyi’s girlfriend.  Pls do not disturb me and Chat Kyi.  We love each other so much…” ဆိုတာတွေ ပေါ့။

တော်လိုက်တဲ့ ချက်ကြီး…

အဲဒီမှာ ရွှေဥာဏ်တော် စူးရောက်လေတဲ့ မောင်ချက်ကြီး တစ်ယောက် မျိုးကျော်ထွန်းဆီ ဖုန်းဆက်ပြီး WiFi ရဲ့ တိုင်ကို ဆွဲဖြုတ် ခိုင်းပါလေ ရော။ ချက်ကြီးက မျိုးကျော်ထွန်း အခန်းက အင်တာနက် ကွန်နက်ရှင်ကို အခမဲ့ သုံးစွဲနေတာလေ…။ “ဟေ့ကောင် ၊ ဖြုတ်ပစ်လိုက် ၊ တိုင်ကို ဖြုတ်ပစ်လိုက်… ချက်ချင်း ၊ အခု…” တဲ့ဗျာ။ ဘယ်တိုင်ကို ဖြုတ်ရမှန်း မသိတဲ့ မျိုးကျော်ထွန်း တစ်ယောက် အူတူတူ နဲ့ လုပ်နေတုန်း ထိုင်းမလေးက reply စာကို ပို့ထုတ်လိုက်ပါပြီ ခင်ဗျာ။ အဲဗျာ။ ကံကောင်းတဲ့ ချက်ကြီးတို့များ ရန်ကုန်က သူ့ကောင်မလေးရဲ့ Gmail Account password ကို သိနေပြန်ရော။ ဒါနဲ့ပဲ မျိုးကျော်ထွန်းကို နောက်တစ်ခေါက် ဖုန်းခေါ် ၊ သူ့ ရန်ကုန်က ရည်စားရဲ့ Gmail Account ထဲ ၀င်ခိုင်းပြီး အဲဒီ ထိုင်းမလေး ခုနက ပို့လိုက်တဲ့ အီးမေးလ်ကို ဖျက်ခိုင်း ပါတော့တယ်။ သူပြောချင်တဲ့ Message က “ဟေ့ကောင် ၊ ငါ့ကောင်မလေးရဲ့ Gmail Account ကိုဝင် ၊ နောက်ဆုံး Email တစ်စောင်ကို ဖျက်ပေး ၊ ငါမင်းကို Account ရဲ့ Password ပြောမယ် ၊ လိုက်မှတ် ၊ t-e-e-r-i-e”။ အဲလို ပြောလို့ကလည်း မဖြစ်ပြန်ဘူး။ Gmail, Email, Account, Password အစ ရှိတဲ့ စကားလုံးတွေကို ထိုင်းမလေးက နားလည် တယ်လေ။ အဲတော့ မောင်ချက်ကြီး တစ်ယောက် ပြောချင်သော အရာများကို မြန်မာမှု ပြုလိုက်ပုံက “ဟေ့ကောင် ၊ ဂျီလျှပ်စစ် စာမျက်နှာကိုသွား ၊ အဲဒီမှာ မြန်မာပြည်က ငါ့ဆော်ရဲ့ လျှပ်စစ်စာ စာရင်း ရှိတယ်။ အဲဒီ စာရင်းရဲ့ လျှို့ဝှက်သင်္ကေတက တ လုံးကြီးတင် ဆံခတ် ၊ အ လုံးကြီးတင် ဆံခတ် ၀စ်စနှစ်လုံးပေါက် ၊ အ လုံးကြီးတင် ဆံခတ် ၀စ်စနှစ်လုံးပေါက် ၊ အ ရေးချာ ၊ အ လုံးကြီးတင် တစ်ချောင်းငင် င သတ် ၊ အ လုံးကြီးတင် ဆံခတ် ၀စ်စနှစ်လုံးပေါက်” ဟူ၍ ဖြစ်ပါတော့သည်။

နောင်တရတဲ့ ချက်ကြီး…

ထိုအချိန်မှ စ၍ ချစ်သူငယ်ချင်း မောင်ချက်ကြီး တစ်ယောက် သူ့ထိုင်းမလေးကို မြန်မာစာ ထပ်မသင်ပေး တော့ဘူး လို့ ကြားသိရပါတယ် ခင်ဗျား။